ကျွန်မ ၏ GINGER Beauty Land ( 7 ) နှစ်တာ ခရီးစဉ် အကြောင်း အမှတ်တရ ......
ဒီကနေ့ မေလ ( ၁ ) ရက်နေ့..... ကျွန်မ ၏ GINGER Beauty
Land ဖွင့်တာ ( ၇ ) နှစ် တိတိ ပြည့် တဲ့ နေ့ ဖြစ် ပါတယ်.....
အကြောင်းကြောင်း နဲ့ မအားလပ်လို့ စာမရေးဖြစ်တာလည်း တော်တော်ကြာပြီ မို့
အလုပ် တစ်ခု နဲ့လူရိုသေ ရှင်ရိုသေဖြစ် လာရတဲ့ ဒီနေ့လေး ကို အမြဲ
အမှတ်ရနေတာ မို့ ကျွန်မ အလုပ်နဲ့ ပတ်သက်တဲ့ စာလေး တစ်ပုဒ်လောက်တော့ အမှတ်တရ
အဖြစ် ရေးဖြစ်အောင် ရေးအုံးမယ် ဆိုပြီး ......အချိန်ယူ
ကြိုးစားပမ်းစားရေးလိုက်ပါတယ်......
ကျွန်မ တို့ GINGER Beauty Land .... ခရီး အစ က ဒီလိုပါ
..... ကျွန်မ ကိုယ်ကာယ အလှသင်တန်း စတင် ဖွင့်လှစ်ဖြစ် သည့် ခေတ် က ယခု
ထက်စာရင် အင်မတန် မှ နည်းသလို ဖွင့်တဲ့ အားကစား သင်တန်း တော်တော်များများ
ကို ဦးစီးဖွင့်လှစ်သူ အများစု က အားကစားနှင့် ကာယပညာ ဦးစီးဌာန မှ
အရာရှိများ နှင့် ဆုတံဆိပ် အမျိုးမျိုး ရထားသည့် လှယဉ်ကျေးမယ်
များသာဖြစ်ကြပါတယ် .... ကျွန်မ သာ အားကာ အရာရှိလည်း မဟုတ် / မယ် လည်း
မဟုတ်ဘဲ ခပ်တည်တည် နှင့် ကိုယ် လုပ်နိုင်တယ် လို့ ယုံကြည်စွာ နဲ့
လုပ်ခဲ့တဲ့ အလုပ် ကို ဘယ်သူ ဘာပြောပြော ခေါင်းကြောမာမာ နှင့်
လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်.....
အဲဒီ အလုပ်လေး ရွေးချယ်လုပ်ဖြစ်ခဲ့ပုံလေး လည်း အမှတ်တရ
ထည့်ပြောပါရစေရှင်....ကျွန်မ တို့ ဆယ်တန်း အောင်ပြီး ပြီးချင်း နှစ် က
ရောက်တတ်ရာရာ သင်တန်းလေးတွေ လျှောက်တက်ရင်း သူငယ်ချင်း တစ်ယောက် နှင့် မယု ၏
.... ယုနန္ဒာမြင့် (အမျိုး သမီးအေရိုးဗစ်) သင်တန်း တွင် အပျော်လိုက်
ကစားဖြစ်ခဲ့ရာမှ....ခန္ဓာကိုယ် လှချင်သည့် ပိုး က ၀င်သွားတာမို့.....၁၉၉၈
...ခုနှစ် မှ စ၍ အားကစားနှင့် ကာယ ပညာဌာန ဦးစီး အရာရှိ ဆရာမ ဒေါ်ခင်သူ ၏
June အမျိုးသမီး ကိုယ်ကာယ သင်တန်း တွင် ထပ်မံ ကစားဖြစ်ခဲ့ပါ တယ်..... ကိုယ်
က လှချင်လို့ သွားကစားတာ မှန်ပေမယ့် အဲဒီ သင်တန်း မှာ ၀ချင်လို့ လာတဲ့သူ ၊
ပိန်ချင်လို့ လာတဲ့သူ ၊ ကျန်းမာရေး သက်သက် လာကစားတဲ့ သူ စတဲ့ ခန္ဓာ ကိုယ်
အမျိုးမျိုး ကို လည်း ကိုယ်ကစားနေတဲ့ အချိန်မှာ တွေ့ရရင် ကိုယ်ကစားတာ သာ မက
သူတို့ ကစားတာတွေကိုပါ မရည်ရွယ် ပါဘဲ ငေးမော လေ့လာမိရင်း တခါတလေ ဆရာမ ကို
လျှောက်မေး မိတာက စလို့ ကစား တဲ့ နည်းစနစ် သဘော တရား ၊ ခန္ဓာကိုယ်
သဘောတရားများ ကို ပါ လေ့လာ မှတ်သားမိခဲ့ ပါတယ်.....သင်တန်း ၌ စနစ် တကျ
ကစားပြီး မအား လပ် ၍ မသွား နိုင် သည့်နေ့ များ တွင် လည်း နေ အိမ်မှာ ပင်
တနိုင် စက်ကိရိယာ လေးများ ဖြင့် နေ့ စဉ် လေ့ကျင့် ကစား ရင်း လေ့ကျင့်ခန်း
အမျိုး မျိုး ၏ အားနည်းချက် ၊ အားသာချက်များ ၊ လေ့ကျင့် ကစားခြင်း ၏
အကျိုးကျေးဇူးများ ကို အတော်လေး ထဲထဲ ၀င်ဝင် သိမြင် လာခဲ့ပါတယ် ။
အဲဒီလို နှင့် မှ ၂၀၀၅ ခုနှစ် လောက်မှာ အလုပ် စ
လုပ်ဖို့ ပြင်ရင်း ဟိုဟာ လုပ် ရကောင်းနိုးနိုး ဒီဟာ လုပ်ရကောင်းနိုးနိုး
..... နှင့် အလုပ် အမျိုးမျိုး ကို ရွေးချယ် စိတ်ကူးရင်းနှင့် မှ နောက်
ဆုံး မှာ အဲဒီ ခေတ်အခါ က ဖွင့်တဲ့သူ အင်မတန် နည်းသည့် ကျွန်မ ကိုယ်တိုင်
လည်း သေသေ ချာချာ နားလည်နေသည့် အမျိုးသမီး အားကစား သင်တန်း လုပ်ဖို့
ဆုံးဖြတ်ချက် ချမိလိုက်မိပါတယ်…. အမျိုးသမီး အားကစား သင်တန်း လုပ်ဖို့
စိတ်ဒုံးဒုံးချ ဆုံးဖြတ်ပြီးချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်
စဉ်းစားမိလိုက်တာ က ကျွန်မသည် ဤ အတတ် ပညာ တစ်ခု ကို မိမိ တကိုယ်ရေ လှပဖို့
အတွက်သာ အခကြေးငွေ ပေးကစားပြီး သင်ကြားခဲ့တာသာ ဖြစ်တယ်…
အသက်မွေးဝမ်းကျောင်း လုပ်ဖို့ သင်ကြားခဲ့ခြင်း မဟုတ်…အဲဒီ အတွက် ကျွန်မ
တက်ခဲ့သည့် သင်တန်း နှင့် ကျွန်မ ကို သင်ကြားပေးခဲ့ဖူးသည့် ဆရာမ အပေါ်
သစ္စာစောင့်သိမှုလေး တော့ ရှိချင်မိသလို ကိုယ် လုပ်ကိုင်စားသောက်မယ့်
အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ကို လည်း တစ်သက်လုံး လိပ်ပြာသန့်စွာနဲ့
လုပ်ကိုင်ချင်မိတဲ့ အတွက်..( ၈ ) နှစ်လောက် အဆက်အသွယ် လုံးဝ ပြတ်နေတဲ့ ဆရာမ
ကို အားကစား နဲ့ ကာယပညာ ဦးစီး ဌာန မှ စပြီး သူရှိနေမယ် ထင်နိုင်တဲ့
သူ့ကို အဆက် အသွယ် ရနိုင်မယ် ထင်တဲ့ နေရာ အမျိုးမျိုး မှာ မမောတမ်း
ရှာဖွေခဲ့ပြီးမှ မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ရပါတယ်…သင်တန်းတက်ချိန် တွင် လာ
ကစားရုံ က လွဲပြီး သိပ် မရင်းနှီးခဲ့တဲ့ ကျွန်မကို ဆရာမ က လည်း
မမှတ်မိတော့ပါ….ဘယ်နှစ် ခုနှစ် လောက် က ဘယ်မြို့နယ် က သင်တန်း မှာ
ကစားခဲ့ဖူး ပါတယ်…လို့ တော်တော်ကြီး အစဖော်ပြောတာတောင် မမှတ်မိခဲ့ပေမယ့်…..
သမီးတို့ ကစား ခဲ့တာ ကိုယ့်ကိုယ်ကိုယ် လှချင်လို့သာ ကစားခဲ့တာ …အသက်မွေး
ဝမ်းကျောင်း ဖို့ သင်ခဲ့တာ မဟုတ်တဲ့ အတွက် …အခု အချိန်မှာ ဒီအလုပ်လေး နဲ့
ဆိုင်ဖွင့်ပြီး ဘ၀ ရပ်တည်ချင်တာ မို့ ဆရာမ နည်း ကို အခြေခံပြီး
သင်တန်းဖွင့်ချင်လို့ ဆရာမ ကို မတွေ့ တွေ့ အောင် ရှာပြီး….
လာခွင့်တောင်းတာပါ လို့…ပြောပြီး…အပြန်တွင် လက်အုပ်ချီပြီး ရိုသေစွာဖြင့်
ထိုင် ကန်တော့ ခဲ့မိတဲ့ အဆုံးမှာ …မမှတ်မိပေ မယ့်…မျက်ရည်လေး လည်စွာ နဲ့
ဆရာမ ဒီအလုပ်လုပ်တဲ့ တစ်သက်မှာ တပည့်တွေ အများ
ကြီးမွေးခဲ့ဖူးပေမယ့်…အခုချိန် မှာ ဘယ် တပည့် က ဆရာမ လို သင်တန်း
ပြန်ဖွင့်နေသလဲ ဆရာမ မသိနိုင် သလို ဘယ်တပည့် က မှ လည်း သမီးလို ခွင့်လာ
မတောင်းခဲ့ဖူးပါဘူး…. ဘယ်လိုဘဲဖြစ်ဖြစ် တီချယ်ကြီး ခွင့်ပြုပါတယ်…
သမီးရယ်…ဖွင့်ပါ…. သမီး ဆရာမ အပေါ် ထားတဲ့ သစ္စာ တရား ဂါရ၀ တရားတွေ နဲ့ သမီး
အလုပ် ထူးထူးခြားခြား အောင်မြင်ပါ စေ သမီးရယ်… ဆိုတာ တဲ့ ဆုတောင်း
မေတ္တာပို့သံကို ….. ကျွန်မ ဒီနေ့ ဒီအချိန် ထိ ကြက်သီး တဖြန်းဖြန်း ထစွာ နဲ့
နားထဲ ကြားနေဆဲပါ….
အဲဒီလို ခွင့်ပြုချက် ရပြီးလို့ ၂၀၀၅ ခုနှစ် ၊ မေလ (၁)
ရက် နေ့ တွင် GINGER အမျိုးသမီး သီးသန့် ကိုယ်ကာယ အလှ သင်တန်း ကို
ဝလိုသူ ၊ ပိန်လိုသူ ၊ ခန္ဓာ ကိုယ် အချိုး အစား ကျ တောင့်တင်း လှပလိုသူ
များနှင့် ဆရာဝန် ညွှန်ကြားမှု ဖြင့် ကျန်းမာရေး သက်သက် ကစားလိုသူ များ
အတွက် နည်းစနစ် တကျ လေ့ကျင့် ကစားနိုင်ရန် ရည်ရွယ်၍ စတင် ဖွင့်လှစ်ခဲ့တာ က
စပြီး ပထမဆုံး ရတဲ့ သင်တန်းကြေးလေး နဲ့ ဆရာမ ကို သွားထိုင် ကန်တော့
ဖြစ်ခဲ့သလို….ယနေ့ထိလည်း သီတင်း ကျွတ် ရောက်တိုင်း ၊ အဆင်ပြေတိုင်း
အခွင့်သာတိုင်း သွား ကန်တော့ နေဆဲဖြစ်ပါတယ်…..
( ဒီနေရာ မှာ အခုရေးတဲ့ ခေါင်းစဉ် နဲ့ မသက်ဆိုင်ပေမယ့်
ထည့်သွင်းပြောချင်တာ တစ်ခု က အာစရိယ ဂုဏော အနန္တော ဆိုတဲ့ …ဆရာ့ ဂုဏ်ကျေးဇူး
ဆိုတာ ပါ…. ဒီနေ့ခေတ် မှာ Service ခေတ်ကို ကူးလာတဲ့ အတွက် ကျွန်မ
တို့လို ၀န်ဆောင် မှုလုပ်ငန်းတွေ က လူတွေ ကို Service ပေးတဲ့သူလို
ဆက်ဆံကြတာ အကြောင်းမဟုတ်ပေမယ့်… .စာသင်ကျောင်းတွေ… သင်တန်းကျောင်းတွေ…
အသက်မွေး ၀မ်းကျောင်း ပညာရပ် သင်ကြားပေးတဲ့ ကျောင်းတွေ မှာပါ…..ပညာ တစ်ခု
ကို အခကြေးငွေ နဲ့ ပေးဝယ်လိုက် သလို သဘောထားလာကြတဲ့ အတွက်….အတတ်ပညာ တစ်ခု
ကို သင်ကြားပေးတဲ့ ဆရာ ဆို တာ ကို သိတတ် ရိုသေဖို့ မပြောနဲ့….ကိုယ့်ကို
လူတလုံးသူတလုံး ဖြစ်အောင် သင်ကြားပေးရမယ့်….ဆရာ ကတောင်….သူ စာသင်ပေးမယ့်
တပည့် နဲ့ တပည့် ရဲ့ မိဘ တွေ စိတ်တိုင်း ကျအောင် … အတိုင် မခံရအောင် သတိ
နဲ့ နေထိုင်ပေးနေ ရတဲ့ ….ခေတ် ကို ရောက် လာတာ ကိုလည်း စိတ်မကောင်းစဖွယ်
မြင်တွေ့နေရပါတယ်…….အခု ကျွန်မရေးနေတဲ့ ခေါင်းစဉ် နဲ့  မသက်ဆိုင်လှ ပေမယ့်
ကျွန်မ နဲ့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့ ကလေးတိုင်း ကို ကျွန်မ အမြဲပြောလေ့
ရှိတဲ့ စကား က အသက်မွေး ၀မ်းကျောင်း လုပ်တော့မယ် ဆိုရင် ကိုယ် လုပ်စားမယ့်
အတတ်ပညာ တစ်ခု သင်ပေးမယ့်သူ ၊ ကိုယ့်ကို ဘ၀ ရပ်တည်မှု ရအောင် အတတ်ပညာတစ်ခု
သင်ကြားပေးထားတဲ့ ဆရာ ကို ပုဂ္ဂိုလ်ရေးရ မကြည်ညိုရင် မသင်နဲ့… သင်မိရင် လည်း
ဘယ်လို အကြောင်းနဲ့ မှ မစော်ကား မိစေနဲ့…..စော်ကားပြီးရင်လည်း အဲဒီ
အလုပ်ကို တစ်သက်လုံး ဆက် မလုပ် နဲ့တော့…ဘယ်တော့ မှ
မအောင်မြင်တော့ဘူး…အောင်မြင်ရင် လည်း ခဏဘဲ ရ မယ်… ဆိုတာ..ပါ….)
အဆီချ လုပ်ငန်း စတင်ဆောင်ရွက်ဖြစ်ပုံ
ကိုယ်လက် လှုပ်ရှား ကစားခြင်း ဆိုတာ မှန်မှန် လာပြီး
လေ့ကျင့် ကစားသည့်သူများ ကို ကျန်းမာရေး အထူး ကောင်းမွန်စေ သည်မှာ
မှန်သော်လည်း အချိန်ပေးပြီး လာ မကစား နိုင်သူ ၊ အဝလွန်နေ သော် လည်း
အပင်ပန်း မခံနိုင်သဖြင့် မကစားနိုင် သူများ အတွက် အခက် အခဲရှိနေတာမို့
အချိန်လုံးဝ မပေး နိုင်သူများ ၊ အပင်ပန်း မခံနိုင်သူများ အတွက်ပါ
အဆင်ပြေစေပြီး အန္တရာယ် ကင်းကင်းဖြင့် လှပနိုင်စေ ရန် ရည်ရွယ်၍ အချိန်တို
အတွင်း ခန္ဓာ ကိုယ် လှပ လာစေ မည့် နည်းလမ်းများ ကို ထပ်မံ လေ့လာခဲ့ပြီး
ကျွန်မ ၏ ခန္ဓာ ကိုယ်နှင့် အခြား ခန္ဓာ ကိုယ် အမျိုးမျိုး ကို အကြိမ်ပေါင်း
များစွာ ငွေကုန်ကြေးကျများစွာခံ၍ အခမဲ့ လက်တွေ့စမ်းသပ်ခဲ့ပြီး ခန္ဓာ ကိုယ်
အမျိုးမျိုး ကို အမှန်တကယ် တာဝန်ယူပေးနိုင်ပြီ ဟု ယုံကြည်ချက် ခိုင်မာလာ မှ
သာ ၂၀၀ရ စက်တင် ဘာလ မှ စပြီး အပြင် Customer များ ကို တာဝန် ယူပြီး ထပ်မံ
တိုးချဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်.....
မျက်နှာ ၀န်ဆောင်မှုသစ် အမျိုးမျိုး ဆောင်ရွက်ဖြစ်ပုံ
ထိုသို့ ဆောင်ရွက်ရင်းမှ ကစားလျှင် လည်း မကျ ၊
တစ်ကိုယ်လုံး အဆီချခြင်း ဖြင့် လည်း မကျနိုင်သော မျက်နှာ ဖောင်းသူ ၊
မေးနှစ်ထပ် အဆီရှိ သူများ ၏ မကြာခဏ မေးမြန်းမှု ဖြင့် ၀သော အမျိုးသမီးများ ၏
လိုအပ်ချက် ကို သိလာသောကြောင့် ...အမျိုးသမီး များ စတင် ၍ ၀ လာလျှင်
ဖြစ်လာသော မေးစေ့ နှစ်ထပ် နှင့် ပါးရိုး ၊ မေးရိုး များမှ အဆီပို များ ကို
အချိန်တို ( ၁၀ ) ရက် အတွင်း အထူး အာမခံ နှင့် ဖယ်ရှားပေးသည့် မျက်နှာ
အဆီချ ၀န်ဆောင်မှု သစ် ကို ပါ ထပ်မံလေ့လာပြီး ၂၀၁၁ ဇန်န၀ါရီလ တွင် စတင်
ဆောင်ရွက်ခဲ့ပါ တယ် ။ မျက်နှာ အဆီ ချ ပေးခြင်း ကို မျက်နှာဖောင်းသူ
မေးနှစ်ထပ် အဆီရှိသည့် Customer အမျိုးမျိုး ကို စိတ်ကျေ နပ်မှု ရှိစွာ
ဖြင့် အချိန်တို အတွင်း လျှင်မြန်စွာ ထူးခြား သိသာ လှပ လာအောင် ဆောင်
ရွက်ပေးနိုင်သည် ကို ယုံကြည် လာသော ကြောင့် မျက်နှာ ဖောင်းသူ မျက်နှာ
သွယ်သူ မရွေး သက်လတ် အမျိုးသမီးများ အသက် အရွယ်တစ်ခု ရလာ လျှင်
ဖြစ်ပေါ်လာသော လျော့ရဲ ပွစိ တွဲကျ လာသည့် မျက်နှာပြင် နှင့် အရေးအကြောင်း
များ ကို အချိန် တို ( ၁၀ ) ရက် အတွင်း အထူး အာမ ခံ နှင့် ပြန်လည် ပင့်တင်
ပေး သည့် Face Lift ၀န်ဆောင်မှုသစ် နှင့်  ၀က်ခြံ ၊ တင်းတိတ် ၊ နေလောင်
ကွက် ပျက်စီးနေ သော အသားအရည် အမျိုးမျိုးကို သက်သာ ပျောက် ကင်းအောင် ဆောင်
ရွက်ပေးသည့် Facial Treatment ၀န်ဆောင်မှု တစ်ရပ် ကိုပါ ထပ်မံ လေ့လာ ၍
တိုးချဲ့ ဆောင်ရွက် ပေးလျှက် ရှိပါ တယ်.....
Cellulite Burning & Skin Firming
ဤသို့ဖြင့် ....ကျွန်မ ဆီလာတဲ့ အမျိုးသမီး Customer
များ၏ လိုအပ်ချက်များ နှင့် ခေတ်မှီ တိုးတက် လာသည့် အသစ် အသစ်သော ခေတ်မှီ
စက် ပစ္စည်း ကိရိယာများ ကို အခြေခံပြီး တစ်ခုပြီး တစ်ခု
တိုးချဲ့ဆောင်ရွက်လာလိုက်တာ ယခု နောက်ဆုံး ....ကစား လို့လည်း မကျ ၊ သာမန်
နည်းဖြင့် အဆီချ၍လည်း မရနိုင် သည့် နှစ်ချို့ ဆယ်လူလိုက် အဆီခဲ အဆီပြင်
များ နှင့် လျော့ရဲ တွဲ ကျနေ သည့် အသားအရည် ကို ခွဲစိတ်ရန်လည်း မလို ၊
ဆေးထိုး ၊ ဆေးသောက် ရန်လည်း မလိုဘဲ… အန္တရာယ် မရှိသော ခေတ် မှီ နည်း
စနစ်သစ်များဖြင့် ထပ်မံ တိုးချဲ့ ဆောင်ရွက်ပေးနေတဲ့ ၀န်ဆောင်မှုသစ်
အထိဘဲဖြစ်ပါတယ်....
ကျွန်မ က စပြီး ၀နေလျှင် /မျက်နှာ နှင့် အသားအရည် မလှပလျှင်
အလှအပ နှင့် သက်ဆိုင်သော လုပ်ငန်း လုပ်ကိုင်သူ
ဖြစ်သဖြင့် ကျွန်မ က စပြီး ခန္ဓာ ကိုယ် ဝ နေလျှင် မျက်နှာ နှင့် အသား အရည်
တင်းရင်း စိုပြည် လှပမှု မရှိလျှင် ကျွန်မ ၏ ကစားနည်း ၊ အဆီချနည်း စနစ် ၊
မျက်နှာ လှပနည်း များကို Customer များ လက်ခံအောင် ရှင်းပြရတာ အလွန်
ခက်ခဲတဲ့ အတွက် Body Weight ကို စံနှုန်း တစ်ခု ထားပြီး အဲဒီ စံနှုန်း ကို
နည်းနည်း ကျော်တာ နှင့် ပုံမှန် လေ့ကျင့်ခန်းဖြင့် ပြန် ကစားလိုက် ၊
အရေးတကြီး သွား စရာ ရှိလျှင် အဆီကျ ဆေးလိမ်း ပြီး စက် နှင့် ကြိုတင်
ချလိုက် နှင့် ထိန်း သိမ်းနေရသလို မျက်နှာ နှင့် အသားအရည် အတွက် ကို လည်း
Facial Massage & Treatment ပုံမှန် ယူလိုက် ဖြင့် တင်းရင်း စိုပြည်
လှပနေအောင် အမြဲ သတိ နှင့် ချင့်ချိန် နေထိုင် စားသောက် နေရပါတယ် .....
ပြောင်းလဲလာရတဲ့ GINGER Beauty Land Decoration အကြောင်း
ကျွန်မ တို့ Ginger ၏ ၀န်ဆောင်မှု ၊ အာမခံပေးတဲ့
အတိုင်း တာဝန်ယူမှု ၊ ဈေးနှုန်း ၊ ၀န်ထမ်းများ ၏ နွေးထွေး ပျူငှာမှု
အားလုံး ကို လာတဲ့လူတိုင်း က ကျေနပ်လက်ခံ သဘောကျ ကြပေမယ့်..... အချက်အခြာ
နေရာ နှင့် ခေတ်မှီ အဆင့် အတန်း မြင့်မြင့် ပြင် ဆင်ထားတာ မဟုတ်တဲ့ အတွက်
အမြဲ မျက်နှာငယ် ရပါတယ်....အခန်း ၀ယ်တဲ့ အချိန်ကလည်း အားကစားသင်တန်း
သီးသန့် လုပ်ဖို့သာ နဲ့ မိသား စုလေး တစ်ခန်းစာ
နေရုံသာမို့....တော်ရုံလောက်သာ ပြင်ခဲ့တာဖြစ်ပြီး နောက်မှ အဆီချတွေ ၊
မျက်နှာတွေ လုပ်ဖြစ်လာတော့ အခန်း မလုံလောက် တဲ့ အတွက် အဖြစ်
သာသာ...အခန်းတွေ ထပ်ကာရ ၊ ဖွဲ့ရဖြစ်လာတာမို့... တစ်ချို့သော Customer တွေ
ဆို နှုတ် ကတောင် ကျွန်မ တို့ ဆိုင် ကို နှစ်သက်လို့ သူ့ သူငယ်ချင်း
မိတ်ဆွေတွေ ခေါ်လာပေးချင်ပေမယ့် .....ဖွင့်တဲ့နေရာ နဲ့ ဆိုင်အပြင်အဆင် က
မသားနား တဲ့ အတွက် တစ်ချို့သော သူငယ်ချင်းတွေ က GINGER ကို ကြိုက်ပေမယ့်
မလာချင်ကြဘူး ဆိုတာ ခဏခဏ ကြားရပါ တယ် ....Air-Con မရှိတဲ့ အခန်း ၊ Privacy
မရှိတဲ့ လွတ်လပ် လုံခြုံမှု ၊ မသားနားတဲ့ အ၀တ်လဲခန်း နဲ့ ရေချိုးခန်း ၊
မလှပတဲ့ အခန်း အပြင် အဆင် .... စ တာတွေကြောင့် ကျွန်မ ဆိုင် အမြဲ အထင်သေး
ခံရပါတယ်.....Decoration ပြင်ရင် လှမယ်မှန်း သိပေမယ့် မနိုင်ဘဲ သွားစ
မိလို့ ဆက်မလိုက်နိုင်ရင် ဘာမှ ဆက်လုပ်စရာမရှိတဲ့ ကိုယ့် ၀မ်းနာ
ကိုယ်သာသိတာ မို့....Decoration ပြင်ဖို့ ဆိုတာ ကို လည်း မစပ်ဆော့ ရဲခဲ့ပါ
...... အဲဒီလို နဲ့ အလုပ်တွေ တစ်ခုပြီး တစ်ခု တိုးတိုးလာတာ နဲ့ အမျှ
ကိုယ့်ဆိုင်လာတဲ့ Market ကလည်း ကြီးလာတော့ အခန်းရွေး ချယ် ၀ယ်ယူ မိခဲ့တဲ့
ဆိုင်နေရာ ကို ပြောင်းလို့ မရရင်တောင် ဆိုင် အထဲ ၀င်လိုက်လို့ လှပ သပ်ရပ်
နေဖို့ မဖြစ်မနေ လိုလာပြီ ဆိုပြီး ပိုက်ဆံလေး စု... ရှိစု မဲ့စု ရောင်းပြီး
ကျွန်မ ဆိုင် နဲ့ အလုပ်လေး လှပလာအောင် ပြုပြင် ပြောင်းလဲခဲ့ရခြင်းသာ
ဖြစ်ပါတယ်.....
ခေတ်မှီ စက်ကိရိယာများ တိုးချဲ့ ပြောင်းလဲလာရပုံ ......
အဆီချတာ ကို ကျွန်မ တို့ စစချင်း ဆောင်ရွက်တဲ့ အချိန် က
အရင်းအနှီး မတတ်နိုင်တဲ့ အတွက် .... Vibration လို့ခေါ်တဲ့ မီးပူ လို ပုံစံ
တုန်ခါစက် ၊ G - 5 လို့ ခေါ်တဲ့ Vibration စက်များဖြင့် သာ စတင်
လုပ်ကိုင်ခဲ့ရပေမယ့်.... Internet ထဲဝင်ကြည့် တိုင်း နိုင်ငံ တကာမှာ
အသုံးပြုနေတဲ့ ခေတ်မှီ နည်းပညာတွေ နဲ့ အလွန်တရာ တန်ဖိုးကြီးပေးပြီး
မှာယူရတဲ့ ခေတ်မှီ စက်ပစ္စည်း ကိရိယာတွေ နဲ့ လုပ်ဆောင်နေပုံတွေ ကို
မြင်ရတိုင်း စိတ်ကူးယဉ် အိပ်မက် တစ်ခုလိုဘဲ....ကျွန်မ ဆိုင် ကလေး ...ကျွန်မ
စက်ပစ္စည်း ကိရိယာလေး တွေ ကို အဲဒီလို ခေတ်မှီ စက် ပစ္စည်း ကိရိယာကြီး တွေ
နဲ့ မြင်ချင်လိုက်တာ ...ဆိုတာ ကို .... နှစ် နဲ့ချီပြီး အကြိမ်ကြိမ်
စိတ်ကူးယဉ်ခဲ့ရတာမို့ ....တဖြည်းဖြည်း နှင့် .....ရတဲ့ ပိုက်ဆံထဲက......
စုဆောင်းမယ့် ပိုက်ဆံ ကို ကိုယ် မလှပ ရင် နေပါစေ ... ကိုယ် မ၀တ်ရရင် နေပါစေ
...ကိုယ့် ဆိုင် ကလေး ခေတ်မှီ သားနားနေရင် ကျေနပ်ပါပြီ ဆိုတဲ့ ကျွန်မ
ခံယူချက် အတိုင်း ရသမျှ မစားရက် မသောက်ရက် စုဆောင်း ခဲ့ရတဲ့ ပိုက်ဆံ
တော်တော်များများ ကို ...... ခြစ်ခြုတ် ကုတ်ကတ်ပြီး ခေတ်မှီ အဆီချ
စက်ကြီးများ ၊ ခေတ်မှီ Facial ပစ္စည်း ကိရိယာ များကို တစ်မျိုးပြီး တစ်မျိုး
စုဆောင်း ၀ယ်ယူပြီး ယခုလို ခေတ်မှီ လာတဲ့ GINGER Beauty Land ဖြစ်လာ ရတဲ့
အထိ အဆင့်ဆင့် တိုးချဲ့ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်....
Customer တော်တော်များများ နှစ်သက် သဘောကျကြတဲ့ GINGER Fastest Beauty Shaping Success ကြော်ငြာများ ၏ အထူးခြားဆုံး အချက်
ကျွန်မ တို့ ဆိုင် ကို လာတဲ့ Customer အမျိုးမျိုး
ရှိပါတယ်....တစ်ချို့ Customer က ၀င် လာလာချင်း မှာ ဘယ်သူ က ဒီ ဆိုင် မှာ
လုပ်ဖူးတာ ကျတယ် ဆိုလို့...ကျွန်မ တို့ ဆိုင် က ပြောရင် ပြောတဲ့ အတိုင်း
တာဝန်ယူပေးတယ် ဆိုလို့....MRTV - 4 မှာ တွေ့ တာ.
...စိတ်ဝင်စားလို့....Magazine မှာ တွေ့လို့.....စသဖြင့်...အမျိုးမျိုး
ကြားရတတ်ပေမယ့်....အများစုသော Customer တွေ က လှပြီးသား မင်းသမီး / Model
နှင့် မရိုက် ၊ Photo Shop ဖြင့် မပြ ၊ အလွယ်တကူ ရသော Internet မှ
ဓာတ်ပုံများ ကို လည်း မသုံးဘဲ ၊ ကျွန်မ တို့ အပြင်မှာ တကယ် ၀ နေတဲ့ ၊ တကယ်
မျက်နှာဖောင်းနေတဲ့ သူများ ကို သာ Sponsor ပေး ၊ ကြော်ငြာ သုံးရန်
ခွင့်ပြု ပါကြောင်း လက်မှတ် ထိုးပြီး စိတ်/လူ ပင်ပန်းခြင်းကြီးစွာဖြင့်
ရိုက်ကူးထားတဲ့ အဆီ မချမှီ ၊ ( ၁၀ ) ရက် အကြာ ၊ ရက် ( ၂၀ ) တွင် ၊ တစ်လ
ကြာသော် ဆိုတဲ့ တဖြည်းဖြည်း ပြောင်းလဲ လာတဲ့ ခန္ဓာကိုယ် အဆီချကြော်ငြာ ၊
တစ်ခါ မျက်နှာ အဆီမချမီ ၊ ( ၅ ) ရက် အကြာ ၊ ( ၁၀ ) ရက် အကြာ... ဆိုတဲ့
အသက် ၅၀ ကျော် ၊ ၄၀ ကျော် ၊ ၃၀ ကျော် ၊ ၂၀ ကျော် စတဲ့ အသက်
အရွယ်အမျိုးမျိုး ကို ခက်ခက်ခဲခဲ ရှာဖွေ ခွင့်တောင်းပြီး အသက် အရွယ် အလိုက်
မျက်နှာ ပုံလေး တွေ တန်းစီပြီး လုပ်ပြခဲ့ရတဲ့ မျက်နှာ အဆီချကြော်ငြာ များ
ကို ကြည့်ပြီး နာမည် GINGER ဆိုတဲ့ ကျွန်မ ဆိုင် နာမည် ကို ဗြုန်းခနဲ မို့
မမှတ်မိလိုက်ရင်သာ ရှိမယ်.....ကျွန်မ Sponsor ပေးပြီး ရိုက်ကူးပြသ ခဲ့တဲ့
GINGER ၏ Before / After Changes ခန္ဓာကိုယ် အဆီချ ကြော်ငြာ
အမျိုးမျိုး နဲ့ မျက်နှာ အဆီချ ကြော်ငြာ အမျိုးမျိုး မြင်တာ
နဲ့......သူပြောတာ ဒီဆိုင်လေ......ဆိုတာ မှတ်မိသွားပြီး အချင်းချင်း
မေးမြန်း စုံစမ်း ပြီး ရောက်ရကြတဲ့ အထိဘဲ ဖြစ်ပါတယ်........
Quality ၀န်ထမ်းများ ဖြစ်စေဖို့
ဆိုင် အပြင် အဆင် နဲ့ ခေတ်မှီ စက်ပစ္စည်း ကိရိယာ ဆိုတာ
ပိုက်ဆံ ရှိရင် ၀ယ်လို့ရတာ မှန်ပေမယ့် ပိုက်ဆံ ဘယ်လောက်ပေးပေး ၀ယ်လို့
မရနိုင်တာ က အရည်အချင်းရှိ Quality ၀န်ထမ်း ဖြစ်ပါတယ်...အရည်အချင်း
မြင့်သော.... ၀န်ထမ်း ၏ အရည်အသွေး ဆိုသည် မှာ အလုပ် ကို .......မခိုမကတ်ဘဲ
..အပတ်တကုတ် ကြိုးစား လုပ်ကိုင်ခြင်း ၊ မိမိ ကိုယ်ပိုင်ငွေ ဖြင့်
ဖွင့်ထားသော ဆိုင် / အလုပ် ဟူ သကဲ့ သို့သော စိတ်မျိုးဖြင့် အလုပ် အပေါ်
စေတနာ ထားဆောင်ရွက် တတ် ခြင်း ၊ မိမိ ကို ထမင်း ကျွေးသော အလုပ် အပေါ်
သစ္စာရှိခြင်း ၊ ကတိ တည် ခြင်း ၊ နာခံတတ်ခြင်း ၊ တာဝန်ယူတတ်ခြင်း ၊
အချင်းချင်း တွဲခေါ်တတ်ခြင်း ၊ စိတ်ဝင်စားစွာ စူးစမ်း လေ့လာ တတ်ခြင်း ၊
မည်သည့် အလုပ် ကို မဆို ၀င်ရောက် လုပ်ကိုင်လို စိတ်ရှိခြင်း ၊ မှားလျှင်
ပြင်တတ်ခြင်း ... အောင်မြင်လာလျှင် လည်း စိတ်ထား မပြောင်းတတ်ခြင်း ၊
ကျေးဇူးသိတတ်ခြင်း ... စသည့် အချက်များ ဖြစ်ပါတယ် ။ ထိုသို့သော အချက်တွေ
နဲ့ ပြည့်မှီသည့် စင်းလုံးချော Quality ၀န်ထမ်း ဆိုတာ ကို ကျွန်မ နဲ့ တကွ
အလုပ်ရှင် တော်တော်များများ က ဘယ်နှစ်ယောက် ရရ အလိုရှိကြတာ အမှန် ပါ....
အဲဒီလို စံပြ ၀န်ထမ်းတွေ ပိုင်ဆိုင်ဖို့ အတွက်
အလုပ်ရှင်များ ဘက် က လည်း မိမိ အလုပ်နှင့် ကိုက်ညီသည့် မိမိ လိုချင်သည့်
ဝန်ထမ်းများ ၏ အရည်အသွေး ကို ပုံသွင်း ပြုစု ပျိုးထောင်ပေးဖို့လိုသလို
အလုပ်ရှင် များ ဘက် မှလည်း.... မိမိ က အစ စည်းကမ်း လိုက်နာခြင်း ၊ မိမိ
အလုပ်မှာ စံပြ နေထိုင် လုပ်ကိုင် ပြခြင်း ၊ မိမိ မှား လျှင်လည်း ကိုယ့်
အမှား ကို ၀န်ခံခြင်း ၊ ၀န်ထမ်းများ နှင့် အပြန် အလှန် ကျေးဇူးသိတတ်ခြင်း ၊
ထူးချွန်သော သူများ ကို ချီးမြှင့် မြှောက်စားခြင်း ၊ မိမိ ၀န်ထမ်း အပေါ်
ယုံကြည်မှု ရှိခြင်း ၊ မိမိ ၀န်ထမ်း ၏ ကောင်း ကွက် ကို အသိအမှတ်ပြု
ထုတ်ဖော် ပြောကြားခြင်း ၊ ၀န်ထမ်း ၏ အရည်အသွေး ကို လိုက်၍ မိမိ
တတ်ကျွမ်းသည့် ပညာ ကို မျှဝေ သင်ကြား ပေးခြင်း ၊ မိမိ တို့ အလုပ်နှင့်
ပတ်သက် သည့် ......ပြောင်းလဲ လာသော ခေတ် ကို မျက်ခြေမပြတ်
ကြည့်ရှုစေပြီး..မိမိ ၀န်ထမ်း ကို လည်း မျက်စိ ပွင့်အောင် လက်တွဲ
သင်ကြားပေးခြင်း ....လုပ်ကိုင် ရသော လုပ်ငန်း အမျိုးအစားပေါ် မူတည် ၍ မိမိ
ဝန်ထမ်း ၏ အရည်အသွေး ပိုမို တိုးတက် မြင့်မား လာအောင် တွဲခေါ်
သင်ကြားပေးခြင်း ၊ ၀န်ထမ်း အချင်းချင်း စည်းလုံး ညီ ညွတ်မှု ရှိစေခြင်း ၊
မိမိ က စ ပြီး မိမိ အလုပ်နှင့် ၀န်ထမ်း များ ၏ အကျိုးမဲ့သော စကား ကို
မပြောခြင်း ...... ၊ ဒုက္ခရောက်လျှင် မိမိ ရင်နှစ် သီးခြာ သားသမီး ကဲ့သို့
ကာကွယ် ကူညီ စောင့်ရှောက်မှုခြင်း ၊ အပြစ် ရှိသော သူကို အပြစ် အလိုက်
ထိုက်တန်စွာ ဆုံးမ အရေးယူခြင်း .... စသည့် အချက်များ ကို ကျွန်မ က စပြီး
ကြိုးစား လိုက်နာနေသလို Customer နှင့် အမြဲ တိုက်ရိုက် ထိတွေ့
ဆက်ဆံနေရသည့် ကျွန်မ ရွေးချယ် ခန့်အပ်ထားသည့် ကျွန်မ ဆိုင် က ၀န်ထမ်း
တိုင်း ကို လည်း သူတို့၏ လိုအပ်ချက် များ ကို လိုက်ပြီး လိုအပ်သလို
ပုံသွင်း ပြုစု ပျိုးထောင်ပေးနေရပါတယ်.....
Customer များ အတွက် ကျေနပ်ပျော်ရွှင်ရသည့် အိမ် အပြန်လမ်း ဖြစ်စေဖို့ ဆိုတာ......
ကျွန်မ Website ဖြစ်သည့်
http://www.gingerbeautyland.com မှာ နဲ့ Customer နှင့် ပတ်သက်တဲ့ စာ
ကျွန်မ ရေးခဲ့တဲ့ စာတော်တော် များများ ရဲ့ နိဂုံး မှာ .....အမြဲ
ထည့်ရေးလေ့ရှိတဲ့..... ကျွန်မ တို့ဆိုင်မှ Customer တိုင်း ၏
အပြန်လမ်းတိုင်း သည် စိတ်ကျေနပ်မှု အပြည့်ဖြင့် ပြန်သွားသည့် အပြန်
ဖြစ်စေဖို့ ကျွန်မတို့ Ginger Beauty Land မိသားစု အားလုံးက တညီ တညွှတ် တည်း
ခံယူထားကြပါသည် ...... ဆိုတဲ့ စာကြောင်းလေး ဖတ်ရတာ
စိတ်ကြည်နူးစရာကောင်းလှပေမယ့် တကယ့် တကယ်တမ်း မှာ လာတဲ့ Customer တိုင်း
စိတ်ကျေနပ်မှု ရစေဖို့ ဆိုတာ တော်တော် မလွယ်ကူလှပါဘူး ..... ဘာကြောင့်လဲ
ဆိုတော့ ကျွန်မ တို့ အလုပ် ဆိုတာ စားသောက်ဆိုင် အလုပ်လိုမျိုး ၊
အလှပြင်ဆိုင် အလုပ် လိုမျိုး ( ၁ ) ရက်ထဲ စိတ်ကျေနပ်မှု ရစေတာ မဟုတ်ဘဲ
Package အလိုက် အနည်းဆုံး ( ၁၀ ) ရက် တိတိတော့ လာလုပ်ရတာ ဖြစ်တဲ့ အတွက်
ကိုယ့်ဆီလာတဲ့ Customer အားလုံး နဲ့ အမှားအယွင်း လုံးဝ မရှိစေ ဖို့....
နေ့စဉ် လာသမျှ ဆယ်ရက် လုံးလုံး / ( ၁ ) လ လုံးလုံး စိတ်ကျေနပ်မှု
ရရှိစေဖို့ ၊ ပြသနာ ကြီးငယ် တစုံတရာ မှ မရှိစေဖို့ ဆို တာ တော်တော်လေး
တာဝန်ကြီး လှပါတယ်....... ကျွန်မ တို့ ပုံဖော် ပုံသွင်းယူရတဲ့ မျက်နှာ နဲ့
ခန္ဓာကိုယ် များ ဆိုတာ လည်း သက်မဲ့ အရာဝတ္တုများ မဟုတ်တဲ့ အတွက် တစ်ယောက် နဲ့
တစ်ယောက် ခံနိုင်ရည်ချင်း ၊ အသားအရည် ချင်း ၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း
ဆိုတာ ဘယ်လိုမှ မတူနိုင်ပါဘူး .....လာစုံစမ်း တဲ့ Customer ရဲ့ ရောဂါ
ရာဇ၀င် ၊ အသားအရည် ကို သေသေ ချာချာ မေးမြန်းပြီး ကျွန်မ တို့
တာဝန်ယူပေးနိုင်မှ လုပ်ပေးလေ့ရှိသလို ဖြစ်တတ်တဲ့ Side Effect အမျိုးမျိုး
က အစ သေသေချာချာ ရှင်းပြ ပြီးမှ လုပ်ပါလျှက် တခါ တလေ.......မထင်မှတ်ဘဲ
အသားအရည် က ထင်ထားတာ ထက် ပိုပြီး Sensitive Skin ဖြစ်နေတာမျိုး .... အဆီချ
Massage လုပ်ရင်း အခပ် မသင့်လို့..... နီသွားတာ မျိုး ....ဖြစ်ခဲ့ရင်
ပြာယာခပ်ပြီး လာတဲ့သူ စိတ်ကျေနပ်အောင် လုပ်ပေးရ.... တောင်းပန် ရ.... တခါ
တလေ သေသေ ချာချာ ရှင်းပြမိပါလျှက် နဲ့ ဆတ်ဆတ်ထိအောင် အတိမ်းအစောင်း လုံးဝ
မခံတဲ့ Customer မျိုး လူရှေ့သူရှေ့မရှောင် လက်ညှိုးငေါက်ငေါက်ထိုးပြီး
လာ ရန်တွေ့တာ ခံရ ခဲ့ရင်လည်း ကျွန်မ ရေးခဲ့တဲ့ စိတ်ကျေနပ်မှု အပြည့်ဖြင့်
အိမ်ပြန်သွားသည့် Customer အပြန်လမ်း ဖြစ်စေဖို့....ဆိုတဲ့ စာကြောင်းလေး
ကို နားဝ မှာ ကျယ် ကျယ်လောင်လောင် ကြားယောင်မိစွာဖြင့် ကျွန်မ ၀န်ထမ်းတွေ
ကို လည်း အပြစ် မပုံချဘဲ အဲဒီ သူ စိတ်ကျေနပ်တဲ့ အထိ မျက်နှာငယ် စွာ နဲ့
အောက်ကျ ခံရ တောင်းပန်ရ နဲ့ ကျေနပ်အောင် ပြန်လုပ်ပေးရ နဲ့ပါ.....
နောက်ပြီး ကျွန်မ တို့ ဆီမှာ ၀န်ဆောင်မှု အလိုက်
သတ်မှတ်ဈေးနှုန်း အမျိုးမျိုး ရှိတဲ့အတွက် လာလုပ်တဲ့ Customer
အမျိုးမျိုး အလိုက် လည်း ပိုက်ဆံပို ရတဲ့ အလုပ်က သူမို့ ပိုအရေးပေး
ဆက်ဆံတယ် ...ပိုက်ဆံ သိပ်မရတဲ့ သူ ကို တော့ ဘယ်လို ပုံစံ ဆက်ဆံလိုက်တယ်
ဆိုတဲ့ အထင်အမြင်မျိုးလည်း မဖြစ်ရအောင် က အစ တော်တော်လေး သတိထားပြီး
နေထိုင်ပြောဆို ဆက်ဆံရပြန် ပါတယ် ။ ထို့ပြင် ၀န်ဆောင်မှုဈေးနှုန်းတွေ က အစ
လာတဲ့ Customer ရဲ့ ပုံပမ်းသဏ္ဍန် နဲ့ မျက်နှာကြီးငယ် ကို ကြည့်တောင်း တဲ့
ဈေးနှုန်း မဟုတ်ဘဲ ဘယ်သူ လာလာ Fixed လုပ်ထားတဲ့ ဈေးနှုန်းဖြစ်စေရန်
စီစဉ်ဆောင်ရွက် ထားရ ပါသေးတယ်.....နောက်ပြီး အားကစား လာလုပ်တဲ့သူ ကို
အဆီချဖို့ မစည်းရုံးသလို ၊ အဆီလာချတဲ့ သူကိုလည်း မျက်နှာ လုပ်ဖို့ ဘယ်သော
အခါမှ စည်းရုံး သိမ်း သွင်းခြင်း မပြုလုပ်ဘဲ...မလိုလျှင် မလိုတဲ့ အကြောင်း ၊
မရလျှင် မရတဲ့ အကြောင်း သေသေ ချာချာ ရှင်းပြဆွေးနွေးပေးရပါသေးသလို ကိုယ့်
ဆိုင်လာတဲ့ Customer တိုင်း ရဲ့ အိမ်အပြန်လမ်း လှပနေစေအောင်
သတိအမြဲထားပြီး အရိပ်ကြည့် နေထိုင် ပြောဆို ဆက်ဆံ ဆောင်
ရွက်နေရပါတယ်.......
အဲဒီလို နဲ့ ဘဲ.......... ဒီနေ့ဒီအချိန်မှာတော့ ......
ကျွန်မ မွေးဖွားခဲ့တဲ့ အမျိုးသမီး သီးသန့် GINGER Beauty Land ဆိုတာ ( ၇ )
နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သလို ....ဘာလုပ်ရ
ဘာကိုင်ရမှန်းမသိဘဲ...အူတိအူကြောင် နဲ့ စခဲ့တဲ့ အလုပ် က နေ ... အသက် အရွယ်
အလိုက် အမျိုးသမီးများ အားလုံး၏ အလှအပ လိုအပ်ချက် အမျိုးမျိုးပေါ် မူတည်ပြီး
ခေတ် နဲ့အညီ ၀န်ဆောင်မှု အမျိုးမျိုး တစ်ခု ပြီးတစ်ခု အဆင့်ဆင့်
တိုးချဲ့ဆောင်ရွက်လာနိုင်ခဲ့သည့် .....GINGER Beauty Land ဆီသို့ ခရီးဆက်
ချီတက်လျှက် ရှိနေသလို စတင်ခဲ့တဲ့ အချိန်က ကိုယ့် မြို့နယ် အနီးတ၀ိုက်
လေးလောက် လာ ကစားရင် ....ဆိုတာ ကနေ...... တဖြည်းဖြည်း ပြင်ပ အနီးအဝေး
မြို့နယ် အမျိုး မျိုး သာမက နယ်မြို့များ က အထိ လာရောက်ဆောင်ရွက်လျှက်
ရှိသလို Over Sea Customer များ မြန်မာပြည် ကို ခဏတာ အလည် အပတ် ပြန် လာရင်း
GINGER ကို လာရောက်ဆောင်ရွက် ကြတဲ့ ဆိုင်တစ်ဆိုင်
အနေအထားတစ်ခုအထိ….ရောက်ရှိနေရပြီ ဖြစ်ပါတယ် ...... ။
ဤသို့ဖြင့် ကျွန်မ တို့ Ginger Beauty Land ကို
အသက်မွေး ၀မ်းကျောင်း အလုပ် တစ်ခု အဖြစ် ရပ်တည်နိုင်ရုံ မဟုတ်ဘဲ .....
အမျိုးသမီးများ အားလုံး အတွက် မျက်နှာ ၊ အသား အရည် အလှအပ နှင့် ခန္ဓာ ကိုယ်
အလှအပဆိုင်ရာ များ အားလုံး အတွက် ယုံကြည် မှု အပြည့်နှင့် လာရောက်
ဆောင်ရွက်နိုင်စေရန် အတိကျ ဆုံး အာမခံ ၊ အကောင်းဆုံး ၀န်ဆောင်မှုများ ဖြင့်
ဆက်လက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်သလို .....ကျွန်မ တို့ ဆိုင် ၏
ချို့ယွင်းချက် ၊ အားနည်းချက် ၊ အပြစ်များ ၊ အဆင်မပြေမှု များ ရှိခဲ့ လျှင်
လည်း လူ ကိုယ်တိုင် သော်လည်းကောင်း ၊ Phone ဖြင့် ၊ စာဖြင့် ၊ Mail
များ ဖြင့် သော် လည်းကောင်း အချိန် မရွေး ဝေဖန် အကြံပြုနိုင် ပါကြောင်း
နှင့် ( ၇ ) နှစ် တိုင်တိုင် တည်ဆောက်ခဲ့ရသော ကျွန်မ ချစ်သော GINGER
Beauty Land ၏ ၀န်ဆောင်မှု အမျိုးမျိုး ကို ယုံကြည်စွာဖြင့် လာရောက်
အားပေး ဆောင်ရွက်ခဲ့ကြသော အမြို့မြို့ အနယ်နယ် မှ မိတ်ဟောင်း ၊ မိတ်သစ်
များ ၊ On Line မှ လာရောက်သည့် Customer များ အားလုံး ကို အထူး
လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်
ရှင် .......
မြန်မာအမျိုးသမီးတယောက်၇ဲ.ကျိုးစားအားထုတ်မှုများအားအားကျစိတ်ဝင်စားစွာဖတ်သွားပါသည်။၇န်ကုန်ေ၇ာက်လျှင်လည်းေ၇ာက်အောင်လာပါမည်။
ReplyDelete