Wednesday, June 6, 2012

အမေ ဆိုတာ ကို...အကယ်၍များ... ရွေးချယ်နိုင်ခွင့် ...ရခဲ့ရရင်…..

         ကျွန်မ ဘ၀ မှာ ခါးသီး မှုတွေ ၊ ဒဏ်ရာတွေ ကူကယ်ရာ မရှိဘဲ..ဖြတ်သန်းရတဲ့ အချိန်တွေ ၊ မွန်းကြပ်လာရတဲ့ အချိန်တွေ တိုင်း ကျွန်မ ရင်ဖွင့်ချင်မိတဲ့ တမ်းတ မိသူ က အမေ ..ပါ..လူတွေ က ကျွန်မ အမေ သေပြီတဲ့...ကျွန်မ အမေ တကယ်သေတယ် မသေဘူး ဆိုတာ ကျွန်မ အတွက် မထူးခြားပေမယ့်....ကျွန်မ ရှိသရွေ့ ဘယ်တော့ မှ သေမသွားတဲ့ ကျွန်မ ရဲ့ အမေ ရှိတယ်လေ.... အဲဒီလို ပြောလို့ .ကျွန်မ အမေ...မကျွတ်ဘဲ ကျွန်မ ကို သိပ်ချစ်လို့ စိတ်မချတဲ့ အတွက်... စောင့်ရှောက် နေတယ် လို့ ထင်လိုက်ကြ မလားဘဲ....အဲဒီလို များ ဆိုရင် ကျွန်မ မမြင်ရတာ က လွဲရင်...ကျွန်မ တစ်သက်လုံး မရခဲ့တဲ့ အမေ့ မေတ္တာ အတွက်. ... ဘ၀တွေ... .. ခြားနေလည်း မကြောက်မရွံ့ ဘဲ...ကျေနပ်နေ မိမှာပါ.....တကယ်တမ်း က ကျွန်မ အမေ ...မကျွတ်လွတ်ခဲ့ရင်တောင်...သူ့ စိတ် သူ့ အာရုံ က ကျွန်မ ဆီမှာ မရှိသ လို ကျွန်မ ရဲ့ အဖေ ဆီ မှာ မရှိနိုင်တာ ကို လည်း ကျွန်မ က လွဲရင် ဘယ်သူမှ သိနိုင်ကြမှာ မဟုတ်ပါဘူး.......
         ကျွန်မ ရှိသရွေ့ ဘယ်တော့ မှ သေမသွားတဲ့ ကျွန်မ ရဲ့ အမေ ဆိုတာ ခါးသီး မှုတွေ ၊ ဒဏ်ရာတွေ ကူကယ်ရာ မရှိဘဲ. .ဖြတ် သန်း ရတဲ့ အချိန်တွေ ၊ မွန်းကြပ်လာ ရတဲ့ အချိန်တွေ ကို မခံစားနိုင်တော့တဲ့ အခါကျရင်.....လူခြေတိတ် တဲ့ ညသန်းခေါင် လို အချိန် မျိုး ကျမှ အိပ်ခန်း တံခါးကို လုံအောင် ပိတ်ပြီး......မရှိတော့ တဲ့ ကျွန်မ အမေရဲ့ အမေ နဲ့ တွဲပြီး မြင်ရတဲ့ အမေ့ အ၀တ်အစားတွေ ကို ၀တ်ပြီး အမေ့လို ဆံပင် ပြင်လိုက်တဲ့ အခါ အမေ နဲ့ ချွတ်စွပ်တူ ပါတယ်ဆို တဲ့ ...အမေ့ သမီး မဟုတ်တော့ဘဲ....ကျွန်မ လိုချင် ခဲ့တဲ့ ကျွန်မ မရ ခဲ့ရတဲ့ တည်ငြိမ်အေးချမ်းတဲ့ ..အမေအဖြစ် ကျွန်မ ကိုယ် ကျွန်မ.....ဖန်ဆင်းလိုက်ပြီလေ. ...အဲဒီ လို အသွင်ပြောင်း ပြီးမှ အမေ သိပ် ကြိုက် တဲ့ မှန်တင်ခုံ ရှေ့ မှာထိုင်ပြီး ကျွန်မ လွမ်းမိတဲ့ အမေ့ကို အားပါးတရ ကြည့်ရပါတယ်....ပြီးရင်...တစ်သက်လုံး မျိုသိပ်ခဲ့ရတဲ့ .... အမေ့ကြောင့် မျက်နှာ ငယ်ခဲ့ ရတဲ့ ဘ၀ တွေ နဲ့ အဖေ့ ကို ကြိတ် သနားခဲ့ရတဲ့ ဘ၀ တွေ ကို ရှိုက်ကြီးတငင် ငိုကြွေး ရင်း ...ရင်ဖွင့် တိုင်တည်.....ပြောပြမိပါတယ်......ငိုကြွေးလို့ ၀ သွားပြီ ဆိုမှ ...လက်တွေ့ ဘ၀ ထဲ က ကျွန်မ အဖြစ်ပြန် လည် ရောက် ရှိလာပါတယ်....
အပြင်မှာ မရှိတော့ တဲ့ အမေ ကို ကျွန်မ အဲဒီလို ပုံစံ မျိုးနဲ့ မတမ်းတ သင့်တာ ကျွန်မ သိပေမယ့် ...သိပ်ပြီး…စိတ်ပင်ပန်း မွန်းကြပ် လာရတဲ့ အခါတိုင်းကို သီးမခံနိုင်တဲ့ အဆုံး ကျွန်မ စိတ် ကို ကျွန်မ လှည့်စား ပြီး ကျွန်မ လိုချင်တဲ့ ကျွန်မ ကို သိပ်ချစ်တဲ့ အမေ အဖြစ် ကျွန်မ နည်း နဲ့ ကျွန်မ ဖန်ဆင်းယူတာ ဖြစ်ပါတယ်....မလုပ်ကောင်းတာ တွေ လုပ်နေမိလို့ ကျွန်မ ကို ဦးနှောက် ကောင်းရဲ့ လား စိတ်မှ မှန်ရဲ့လားလို့ မထင်လိုက်ကြပါနဲ့.....အကုန်သိ ပြီး အကုန်ကောင်း ပါတယ်....ကိုယ့် ရဲ့ စိတ်ဖြေသိမ့်ရာ တစ်ခု အနေနဲ့ သာ စိတ်ရူးပေါက်တိုင်း ကျွန်မ လျှောက်လုပ်နေမိတာ ဖြစ်ပါတယ်.. .မနက်ကျ ရင် ပုံမှန် ကျွန်မ ရဲ့ လက်တွေ့ ဘ၀ ထဲ ကို ပြန်ရောက် ပြီး လူတကာရဲ့ အထင်သေးခြင်းခံရတဲ့ ...ကွယ်ရာမှာ အတင်းပြောခြင်း ခံရတဲ့ ...သူတို့ သားသမီးတွေ နဲ့ အပေါင်းအသင်း မလုပ်ခိုင်း တဲ့ အမေ့ သမီး ဘ၀ ကို ကျွန်မ လက်မခံချင်လည်း ပြန်ရောက်ရအုံးမှာပါ.......
         ကျွန်မ တတ်သိ နားလည် တဲ့ အရွယ် မရောက်ခင် ထဲ က ကျွန်မ မျက်စိထဲမှာ အမေ့ ရဲ့ ထူးဆန်း နေတဲ့ အမူအကျင့်တွေ ကို စတင်ပြီး သိမြင်နေရတာ ဖြစ်ပါတယ်… ကလေး မို့ မသိ နားမလည် ပေမယ့် ထူးဆန်းတဲ့ အသိစိတ်တစ်မျိုး နဲ့ အမေ့ ကို မကြာခဏ ကျွန်မ အကဲ ခတ်ခဲ့ဖူးပါတယ်….ကျွန်မ အဖေ အလုပ်သွားတဲ့ အခါတိုင်း ၊ ခရီးသွားတဲ့ အခါ တိုင်း သူ့ သူငယ်ချင်း လို့ ကျွန်မ ကို မိတ်ဆက်ပေးတဲ့ ပုံစံ အမျိုးမျိုးသော ယောကျာ်းတွေ နဲ့ ဟေးလားဝါးလား နဲ့ ဆက်ဆံ …နေ တာ…ကျွန်မ အဖေ မဟုတ်တဲ့ တခြား လူတွေ နဲ့ ပလူး ပလဲ နေနေတာ ကို အဲဒီ အချိန် တွေ ထဲ က ကျွန်မရဲ့ နုနယ်တဲ့ ကလေး အသိစိတ်မှာ ဒါ ပုံမှန် မဟုတ်တာ ကို အာရုံ တစ်မျိုး နဲ့ အလိုလို ခံစားလို့ရနေခဲ့ပါတယ်…..အဲဒီ လူကြီးတွေ အိမ်လာတိုင်း အလှမက်ပြီး အကောင်း အရမ်းကြိုက် တဲ့ ကျွန်မ အမေ …အတွက်… အ၀တ် အစားတွေ ၊ နာရီတွေ ၊ မိတ်ကပ်တွေ ၊ နှုတ်ခမ်းနီ တွေ ..အဖိုးတန် ပိုက်ဆံ အိတ်တွေ ယူလာ သလို…ကျွန်မ အတွက် လည်း ကစားစရာတွေ အရုပ်တွေ တသီကြီး လက်ဆောင်ပေး တတ် ပါသေးတယ်….အဖေ လည်း ချမ်းသာတာ ဘဲ..အမေ လိုချင်တာတွေ အဖေ့ ကို ပူဆာ တိုင်း လည်း မငြီးမငြူ အဖေ ၀ယ်ပေးနေတာ မြင်နေကျမို့….ဘာဖြစ်လို့များ အဖေ မဟုတ်တဲ့ တခြား ယောကျာ်းတွေ ရဲ့ တံစိုး လက်ဆောင်တွေ ကို ဘာကြောင့်များ အမေ မက်မော နေရ တာ လည်း ဆိုတာ ကျွန်မ နားမလည် ခဲ့ပါဘူး…..
         ကျွန်မ အဖေ မဟုတ်တဲ့ လူကြီးတွေ လက်ဆောင်ပေးလို့ ခပ်တည်တည် နဲ့ ကျွန်မ ငြင်းလိုက်တိုင်း အမေ က အလကားပေးတဲ့ သူ က ပေးတာတောင် ငြင်းရသေးတယ်…နင့် အဖေ ၀ယ်ပေးရင် တစ်ခါ..အခုတစ်ခါ နှစ်ခါရတာပေါ့တဲ့…ဟင့်အင်း..နှစ်ခါ မရရင်နေပါ… .အဖေ ၀ယ်ပေးတဲ့ အရုပ်လေးတွေ နဲ့ လည်း ကျွန်မ ကျေနပ်နေခဲ့ပါတယ်….အဖေ မရှိတဲ့ အခါတိုင်း အိမ်ကို အဲဒီ လူကြီးတွေ လာတယ် ဆိုတာ အဖေကို ပြန်ပြောပြချင်ပေမယ့် ကလေး စိတ်ထဲ မှာ အလိုလို သိနေတာက အဖေသိရင်..အဖေ အရမ်း စိတ်ဆိုးလိမ့်မယ် ဆိုတာ နဲ့ အမေ နဲ့ အဖေ အကြီးအကျယ် စကားများကြမယ်ဆိုတာ ကို ပါ….ကျွန်မ မပြောပေမယ့် အဖေ က အလိုလို သိနေခဲ့ပါတယ်….အမေ နဲ့ အဲဒီလို လူကြီး တွေ …အိမ်မှာ ရောက်နေတုန်း …ဗြုန်း စားကြီး အဖေ အပြင် က ပြန်ရောက်လာခဲ့ပြီး….အမေ့ နဘေးရောက်နေတဲ့ အဲဒီလူကြီး ကို တွေ့တော့ အဖေ့ မျက်နှာ ကြီး နီရဲပြီး နှစ်ယောက်လုံး ကို သတ်မယ် တကဲကဲ..နဲ့ပါ …ကျွန်မ မှာ ကြောက်အားလန့်အား နဲ့ ငိုပြီး ပုန်းနေရပါတယ်…နောက်ဆုံး တော့ အဖေ လည်း အမေ့ ကို မသတ်ခဲ့သလို အဲဒီ လူကြီး ကို လည်း မသတ် လိုက်ပါဘူး….. အားလုံး သွေးအေး သွားတဲ့ အချိန် ကျ မှ အဖေ က ကျွန်မ ကို ဖက်ပြီး ငိုပါတယ်….အမေ နဲ့လည်း စိတ်ဆိုးတုန်း ခဏသာ ရန်ဖြစ်ပေ မယ့် နောက်များ ကျ တော့ ချော့ပြီး စကားတွေ ပြောနေတဲ့ အဖေ့ကို တွေ့ရပါတယ်…နောက်နေ့ မနက် တွေ ကျတော့လည်း ဟန်မပျက် အလုပ် သွားတဲ့ အဖေ့ ကိုတွေ့ရပါတယ်…...
         အဲဒီလို ဖြစ်တဲ့ အကြိမ်ပေါင်း မနည်းခဲ့ သလို …ဘာမှန်းမသိပေမယ့် ကျွန်မ တို့ သားအဖ ဖက်ပြီး ငိုခဲ့ရတဲ့နေ့တွေ လည်း မရေမတွက်နိုင်ခဲ့ပါဘူး…ဘယ်တော့ မှ စိတ်မညစ် တတ်တဲ့ .အမေ က တော့ ဘယ်လောက်ပဲ…အဖေ နဲ့ ရန်ဖြစ်ဖြစ် ၊ ကျွန်မ နဲ့ အဖေ ငိုနေနေ…ဒုန်ရင်း က ဒုန်ရင်းပါဘဲ…အလဲအလှယ် အမျိုးမျိုးသော ယောကျာ်းတွေ နဲ့ ပျော်မြဲ …နေမြဲ. .ပွေရှုပ် နေမြဲပါဘဲ…. အဖေ က သာ တဖြည်းဖြည်း နဲ့ အမေ့ စိတ် နဲ့ နေ့ဘက်ဆို ဟန်မပျက် ရုံးတက်ပြီး လူရိုသေတဲ့ အရာရှိကြီး ဘ၀ ကို ခံယူလိုက် …ဘယ်သူမှ မသိတဲ့ အချိန်တွေမှာ အရက် နဲ့ အဖော်လုပ် မျက်ရည်တွေ ကျရင်း…အရက် သမားကြီး ဖြစ်မှန်း မသိ ဖြစ်ခဲ့ရ ပါတယ်….အဖေ က ရုပ်ကျ လို့ အပူသည်ကြီး ဖြစ်နေပေမယ့် အမေ က တော့ ဘယ် လောက် အသက် ကြီးကြီး ရင့်မသွားဘဲ…အလှတွေ ပြင်ပြီး ပိုပို နုနေ ၊ခေတ်ဆန် လှပနေ တဲ့ အမေ ဖြစ်ဘဲ နေပါတယ်….
            အဲဒီ လိုနဲ့ အဖေ နဲ့ အမေ အကြောင်း ကို အကြိမ်ကြိမ် ပုံဖော်ကြည့်ရင်း မသိတတ် နားမလည်ခဲ့တဲ့ ဘ၀ က နေ ကျွန်မ လည်း အသက်တွေ ကြီးလာပြီး အရွယ်ရောက်ခဲ့ရပါ တယ် …တခါတလေ…ကျွန်မ အဖေ နဲ့ အမေ ရဲ့ အိမ်ထောင်ရေး ကိုတွေးမိတိုင်း လည်း ချစ်ကြိုက် ယူခဲ့ ရက်နဲ့ ဘာကြောင့်များ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ရတယ်ဆိုတာ ကို နားမလည် နိုင်အောင် ဖြစ်ခဲ့ရပါတယ် ….တစ်ရက် ကျွန်မ နဲ့ လက်ထပ်တော့မယ့် ကျွန်မ ချစ်သူ က သူ့အမေ နဲ့ တွေ့ဖူးစေချင်တယ်ဆိုလို့..သူတို့ အိမ်ကို ကျွန်မရောက်ခဲ့ ရပါတယ် …..သာမန် မိသားစုလေး ဖြစ်တဲ့ သူတွေ မို့…ကျွန်မ ချမ်းသာပြီး ဂုဏ်ရှိတဲ့ ကျွန်မ အဖေ ရဲ့ နာမည် နဲ့ အလုပ်အကိုင်ကို ကြားရင် ..ဘယ်လိုမှ…ငြင်းနိုင်မယ် မထင်မိခဲ့တဲ့ ကျွန်မ လူရှေ့သူရှေ့..မှာ သူတို့သား နဲ့ ကျွန်မ အမေ ရဲ့ သွေး နဲ့ လူဖြစ်လာတဲ့ ကျွန်မ ကို ဘယ်လိုမှ သဘောမတူ နိုင်ကြောင်း နဲ့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲအုံး ၊ ကိုယ်ကျင့် သိက္ခာ သာ ကောင်း ပါ စေ..သဘောတူမယ့်အကြောင်း…နဲ့ ရစရာ မရှိ နှစ်ပြားမတန် အောင် ကျွန်မ မိသားစု အကြောင်း ပြောတာ ကျွန်မ …ခံခဲ့ရပါတယ်….
            ရှက်ရွံ့သိမ်ငယ်ခြင်း အံ့အားသင့်ခြင်း များစွာ နဲ့ ကျွန်မ ထူပူပြီး ဆောက်တည်ရာ မရဖြစ်ခဲ့ရပါတယ်…မကောင်းမှန်းသိပေမယ့် အမေ့ကို လည်း အပြစ်မတင်ရက်….အဖေ ကို လည်း ထုတ်မပြောပြရက်နဲ့ ကျွန်မ တစ်ယောက်ယောက်ကိုတိုင်တည်ချင်တဲ့ အဆုံး တခြားသူကိုလည်း ထုတ် မပြောရဲတဲ့ အတွက်…ကျွန်မ ကို သမီး အရင်းလို ချစ်တဲ့ အမြဲတမ်း သွန်သင်ဆုံးမ တတ်တဲ့ ကျွန်မ အဖေရဲ့ အမ ဖြစ်တဲ့ ကျွန်မ ရဲ့ ကြီးကြီး ကို တိုင်တည် ပြောပြ ခဲ့မိပါတယ်…..အဲဒီ အခါကျမှ ကျွန်မ တချိန်လုံး သိချင်ခဲ့တဲ့ ကျွန်မ နားမလည်နိုင်ခဲ့တဲ့ ကျွန်မ အဖေအမေ ရဲ့ နောက်ကြောင်း ဆိုတာ ကို …ကြားသိခဲ့ရပါတယ်…..
            မြန်မာ ပြည်ရဲ့ အစွန်အဖျား ရွာငယ်လေး တစ်ရွာက သိပ်ဆင်းရဲ နွမ်းပါးခဲ့တဲ့ မိသားစု က နေ…မွေးဖွားကြီးပြင်းလာရတဲ့ အမေ…သူ့အမေ ..ကျွန်မ ရဲ့ အဖွား ဆိုတာ က လည်း ရပ်သိရွာသိ အိမ်ထောင်ရေးဖောက်ပြန်ပြီး အဖိုး က သူ့စိတ် နဲ့ သေခဲ့ရတယ် ဆိုတာ…သူ့ အမေ ကျွန်မ အဖွားကြောင့် သူ့ရွာမှာ ခေါင်းမဖော်နိုင်အောင် အရှက်ရပြီး …တစ်မြို့တစ်ရွာကို တက်လာတဲ့….သိပ် ချမ်းသာချင်ခဲ့တဲ့..ကျွန်မ ရဲ့ အမေ..ရုပ်ကလေး ချောတာ အကြောင်းပြပြီး သူဌေးကတော်ဖြစ်ချင်လို့ သူဌေးတွေ နဲ့တွေ့နိုင်တဲ့ အလုပ်မျိုးတွေ မှာ ၀င်လုပ်ရင်း ပိုပို ဘ၀ ပျက်ခဲ့ရတဲ့ အမေ…အဲဒီ က မှ.. အတွေ့အကြုံ မရှိတဲ့ သူဌေးသား အဖေ နဲ့ တွေ့လို့ အရူးအမဲသားကျွေးမိသလို ..ဘယ် မိဘ ဆွေမျိုးက ဖျက်ဖျက် တားမရ ဆီးမရ နဲ့ …လက်ထပ်ခဲ့တဲ့ အဖေ…သိပ်ဆင်းရဲ နွမ်းပါးတဲ့ ဘ၀ က လာတဲ့ အမေ့ ကို ချစ်လွန်း လို့…မထိရက် မတို့ရက် နဲ့ ..သူဌေးတွေ လို လိုလေသေးမရှိ ပြည့်စုံအောင် ထား ပြီး ..၀တ်ကောင်း စားလှတွေ ဆင် ၊ ရွှေငွေ အဖိုးတန် ရတနာတွေ နဲ့ ဘယ်လောက် ဘဲ အဆင့်အတန်း မြင့်အောင် ဘယ်လိုဘဲ ဆင်ဆင် …စိတ်ဓာတ် နဲ့ လူနေမှု အဆင့် အတန်းမြင့်အောင် ..မသွန်သင်နိုင်ခဲ့လို့…လူမှာ အမျိုး ၊ ကြက်မှာ အရိုးဆိုတဲ့ မျိုးရိုး ဗီဇ မကောင်းတဲ့ သူကို လက်ထပ် ခဲ့မိလို့..ခွေးမီးကောက် ကျည်တောက်စွပ် နဲ့… ဘယ်လောက် ဘဲ သွန်သင် ဆို ဆုံးမ ဆုံးမ …ဗီဇ ဆိုတာ ကို ဖျောက် မရနိုင် ခဲ့တဲ့ အမေ… ဆိုပါလားတဲ့ အမေ ရယ်…..
            အဲဒါကြောင့် သမီး ချစ်သူဘက် က သဘောမတူနိုင်ခဲ့တာပေါ့…ဟုတ်လား.. အမေ.. အဲဒါဆို ရင်..တစ်သက်လုံး ဖောက် ထုတ်လို့ မရတဲ့ အမေ့သွေးတွေ နဲ့ လည်ပတ်ပြီး လူဖြစ်နေ ရမယ့် သမီး တစ်ဘ၀လုံး သေရာ ပါရမယ့် အပြင်…သမီး ကနေ နောက် ထပ် ပေါက်ဖွား လာမယ့်..သမီးရဲ့ နောက်ထပ် မျိုးဆက်သစ် တွေ မှာလည်း အဲဒီ အရိပ်ဆိုးကြီး က တောက်လျှောက် ပါနေရတော့ မှာပေါ့…အမေရယ်…..ရက်စက်လိုက်တာ အမေရယ်….အမေ ကိုယ်တိုင်လည်း ဒီလို ဘ၀မျိုး နဲ့ ကြီးပြင်း ခဲ့ရပြီး အကြိမ်ကြိမ် အရှက်တွေ ကွဲခဲ့ရရက်နဲ့ ဘာလို့များ သမီး အတွက် ကိုယ်ကျင့်သိက္ခာ ရှိတဲ့ အမေ အဖြစ် မရပ် တည်ပေးနိုင် ခဲ့ရ တာ လဲ.. အမေ..ရယ်…သားသမီး ဆိုတာ…မိဘ ..က ဘာကြီးဘဲ ဖြစ်ဖြစ် ၊ ဘယ်လို မိဘ မျိုးဆီမှာ ဘဲ လူုဖြစ်ပါရစေလို့ ရွေးချယ်နိုင်စွမ်း မရှိခဲ့ရပါဘူး… အမေ ရယ် … .ကြီးကြီး က သမီး ဘ၀ ရဲ့ အရိပ်ဆိုးတွေ က လွတ်မြောက် ပြီး လူ အထင်အမြင်သေးတဲ့ ဘ၀ က လွတ် အောင် အမွေ စား အမွေ ခံမွေးစားပေးမယ် တဲ့..အမေ…သမီး မလိုချင်ပါဘူး…အမေ..ရယ်…သမီး လိုချင်တာ. .တည်ငြိမ်တဲ့ အမေ ၊ ကိုယ့် အိမ်ထောင်ဖက် အပေါ် မှာ သစ္စာရှိ တဲ့ အမေ ၊ သားသမီး ကို ကိုယ့်ဘ၀နာ ရသလို မနစ်နာ စေချင်တဲ့ အမေ မျိုး….ပါ….သမီး ဒီတစ်သက် မရနိုင်ဘူး တဲ့လား. .အမေ….ရယ်လို့ …..အဖေ မရှိတဲ့ ရက်တွေ မှာ….အမေကိုလည်း ထုတ် မပြော ရက်လို့.. …ဆောက်တည်ရာ မရစွာ နဲ့ …သမီး…. ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ရပါ တယ် … အမေ…..
            အဲဒီလို အဖြစ်ဆိုးတွေ နဲ့ ကျင်လည် ဖြတ်ကျော် ရင်း ကျွန်မ ချစ်တဲ့ အမေ ဟာ လည်း သူ ဆိုးခဲ့ ရှုပ်ခဲ့တဲ့ သူ့မိုက်ပြစ်တွေကို ဆက်ဆက် ကျုးလွန်ရင်း နဲ့ ဘဲ….ရောဂါ ရပြီး ဆုံးပါး သွားခဲ့ရပါတယ်…လောက ကြီးကို အရွဲ့ တိုက်ရင်း နောက်ဆုံး အချိန်ထိ လည်း… ဘ၀ ဆိုတာ ကို ပျော်ပျော်ကြီး နဲ့ တန်အောင် နေသွားခဲ့ပါတယ်… ..အခုချိန်မှာ တော့ ကျွန်မ တို့ သားအဖ လည်း စိတ်ဆင်းရဲခြင်း အပေါင်း က လွတ်မြောက် ခဲ့ရပါပြီ……
            အမေ့ အကြောင်း သိသွားတဲ့ ယောက္ခမလောင်းတိုင်း ရဲ့ အမေ့အကြောင်း ကို ရစရာ မရှိအောင် ပြောလွှတ်တာ ကို ခံစားခဲ့ရတဲ့ ညတိုင်း…အမေ့ကို ပိုလို သတိရမိခြင်းတွေနဲ့ အတူ အမေ နဲ့ ရုပ်ချင်းတူတဲ့ ကျွန်မ ..ကိုယ့်ကိုယ်ကိုယ်..အမေ့ ပုံစံကို ကျွန်မ လိုချင်တဲ့ တည်ငြိမ် အိနြေ္ဒ ရတဲ့ အမေ့ ပုံစံ ဖြစ်အောင် ပြောင်းပြီး ငိုကြွေးလိုက်.. တိုင်တည် လိုက် ရင်ဖွင့် လိုက် နဲ့ ပါဘဲ…အမေ….လူမှာ အမျိုး ကြက်မှာ အရိုး ဆိုတာ ကြီး ကို ပျောက်အောင် …သမီးရဲ့ နောက်ထပ် မျိုးဆက်သစ်တွေ မှာ …သမီးလို..အရိပ်ဆိုး ..အရိပ် မည်း ကြီးပါ မသွားရ အောင်…သမီးခံစားခဲ့ ရသလို မျက်နှာ မငယ်ရလေအောင် ..စိတ်မဆင်းရဲ ရလေ အောင် …လူဆင်းရဲ ရင်တောင် ကိုယ်ကျင့် သိက္ခာ ရှိတဲ့ သူတို့လေးတွေ ရဲ့ မိခင် အဖြစ် ဂုဏ်ရှိစွာ ထုတ်ဖော်ပြောပြခွင့်လေးရအောင် ..ကြိုး စား သွားပါ့မယ်..အမေ..အကျင့် သိက္ခာရှိတဲ့ မိဘ ရဲ့ ၀မ်းမှာ လူ ဖြစ်ပါရစေ လို့ ရွေးချယ်ခွင့် မရကြတဲ့ သားသမီးတိုင်း အတွက် လည်း …စည်းစိမ် ဥစ္စာရွှေငွေ အမွေ ကို မပေးနိုင်ရင်တောင်…မိဘ ရဲ့ ကိုယ်ကျင့် တရားကို ထုတ်ပြောပြောရဲ ပြီး ဂုဏ်ရှိစွာနဲ့ လူဖြစ်ခွင့် ရတဲ့ သားသမီး ဘဲ…ဖြစ်ခွင့်ကြုံရ ..ဖြစ် ပါရစေ… အမေ..ရယ်……
            ( ကိုယ့်ရဲ့ ကောင်းမွေ ကို မပေးနိုင်ရင်တောင် ဆိုးမွေ ဆိုတာ ကြီး နဲ့ မိဘကို ရွေးချယ်နိုင်ခွင့် မရှိတဲ့ အပြစ်မဲ့တဲ့ သားသမီး လေးတွေ ရဲ့ ဘ၀ အမှောင် မဖုံးရလေအောင်…ကျွန်မ နဲ့ တကွ ..မိဘ တိုင်း ကြိုးစား ကြရအောင် နော်…)

No comments:

Post a Comment