ရင်မောရတဲ့ ကလေးငယ်များ…..
စာရေးဆရာမ ပုညခင် ၏ ယခု လ ထုတ် အုပ် ( ၁၀၀ ) မြောက် လုံးချင်း
ဝတ္တု ဖြစ်တဲ့ ကျွန်မ က '' နှင်းဆီပါ မောင် '' ဆိုတဲ့ စာအုပ်လေး ကို
ပြီးခဲ့တဲ့ အပတ် က အမှတ်မထင် ဖတ်မိရင်း ဒီ Link လေးရေးဖို့ စိတ်ကူး
ရလိုက်မိ ပါတယ် ။ စာအုပ်ထဲ မှာ ရုတ်တ ရက် ချမ်းသာ လာပြီး ဘ၀ မေ့ တဲ့
အဖွား က ပစ်ရအောင် ပုံသွင်းပြီး ဖျက်ဆီးထားတဲ့ အတန်းပညာ လည်း မတတ် ၊
အသက်မွေး ၀မ်းကျောင်း အတတ် ပညာ ကလည်း ဘာမှ မရှိ ၊ လူတိုင်း နဲ့ လည်း အံမ၀င်
၊ ထောင့် မကျိုး နဲ့ ပစ်ရအောင် မွေးထား တဲ့ မြေးမလေး တစ်ယောက်
ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ သွားပြီး ဒုက္ခ ရောက်တဲ့ အခါ ပညာ ကလည်း မတတ်
၊ ဘာမှ လည်း လုပ်ကိုင် မ စားတတ် ၊ ဘယ် သူနဲ့ မှ လည်း အံမ၀င် မပေါင်းတတ်
မသင်း တတ် ၊ လူမုန်း က လည်း များ ၊ လုပ်ရတဲ့ အလုပ် က လည်း သူများ ခြေထောက်
ကိုင် ပြီး ဖိနပ်ပေါင်းစုံ စီးပေးရတဲ့ အလုပ် ၊ ပညာ မ တတ် တော့ အလုပ် လည်း
အများကြီး ရွေးစရာ မရှိ ၊ ဘာအလုပ်လုပ် လုပ်လည်း အဆင် မပြေ ၊ ဘယ် သူ နဲ့
မှလည်း ပေါင်း လို့မရ နဲ့ ရယ်စရာလို့ သဘောထားပြီး ဖတ်ရင် ရယ်ရသလို ပညာပေး
ဇာတ်လမ်း တစ်ပုဒ် လို့ သဘော ထား ပြီး ဖတ်ရင် လည်း ပညာယူ စရာ အများကြီးရ တဲ့
အထည်ကြီး ပျက် ၀တ္တု ဇာတ် လမ်းလေး.. ဖြစ်ပါတယ်….
ပြောချင်တဲ့ အကြောင်းကို နိဒါန်း မပါဘဲ တုံးတိကြီး
ပြောဖြစ်ရတဲ့ အကြောင်းရင်း က ဒီလိုပါ… .တစ်နေ့ က ကျွန်မ ရဲ့ အမ လို
လည်းဖြစ် သူငယ်ချင်းလည်း ဟုတ် တဲ့ အမ တစ်ယောက် နေမကောင်းလို့ သတင်းသွားမေး
မိပါတယ်… အိမ်ထောင် ရေး အဆင်မပြေ ဘဲ…အပျိုအရွယ် သမီးလေး တွေ နဲ့ ကိုယ့်ဟာ
ကိုယ် တစ်ယောက်ထဲ ရုန်းကန် နေရသူမှန်း ဓာတ်သိ မို့ အားပေး စကားပြော ရန်လည်း
ကြိုတင် စဉ်းစား သွား မိပါတယ်… ဟို ရောက်တော့ ကိုယ်က အားပေးဖို့ နေနေသာသာ
ရယ်ကာမောကာ ပြုံးကာရွှင်ကာ နဲ့ ထွက် ပြီး ဧည့်ခံတာ တွေ့မှ
စိတ်အေးသွားရပါတယ်…ကိုယ့် အကြောင်း နဲ့ ကိုယ်မို့ မတွေ့ဖြစ်တာကြာပြီမို့
တွေ့ မယ့် တွေ့တော့ လည်း စိတ်ကူးပေါက်ရာ အကြောင်း ထွေရာလေးပါး ပြောရင်း နဲ့
အနားမှာ ရှိတဲ့ သူ့သမီးလေး ရဲ့ ဓာတ်ပုံ တွေ တောင်း ကြည့်မိပါတယ်… .ကျွန်မ
မှာ လည်း ဓာတ်ပုံဆိုင် ရှိတာ မို့…ဓာတ်ပုံ အယူအဆ အကြောင်း ၊ အိုက်တင်
အကြောင်း ပြောရင်း နဲ့ ဆယ်တန်းဖြေ ထားတဲ့ သူ့သမီးလေး ဓာတ်ပုံထဲ မှာ
စီးထားတဲ့ ဖိနပ် လှလှလေး ဆီ မျက်စိက ရောက်သွားတော့ အဲဒီ အမ က
ပြောပြပါတယ်…အဲဒီနေ့ က ဖိနပ်လေး လှလို့ ၀ယ်လာတာ ၊ သမီး က ရရချင်း
အရမ်းပျော်ပြီး ချက်ချင်း ဓာတ်ပုံ သွားရိုက်တာတဲ့….ဖိနပ်လေး က တော်တော်
ဆန်း ပြီး ချစ်စရာ ကောင်းတာ ဘဲ ၊ ဈေးကြီးလား လို့ ပြောလိုက် မိပေမယ့်
မှန်းမိလိုက်တာ က Heat Wave တို့ Charles & Kath တို့လောက် ဆိုတော့
အလွန့် အလွန်ဆုံး ပေးရရင် သုံးလေးသောင်းပေါ့…ဆိုပြီးတွေး မိ လိုက်စဉ်မှာ
ဘဲ…အဲဒီ အမ က တစ်သိန်းကျော် ပါဘဲ ဆိုတာ ကို အံအားသင့်စွာ နဲ့ ကြားလိုက်
ရပါတယ်….သူ့ အမေ နဲ့ သူ့ သမီး ကျေနပ်လို့ ဆင်ပေးတာ မှန်ပေမယ့် သူတို့
မိသားစု အကြောင်း သိထားတဲ့သူ ..သူကလည်း ကျန်းမာရေး သိပ် မကောင်းတဲ့သူ မို့
မနေနိုင် စွာနဲ့ အမ ရယ် ..ကလေးဘဲရှိသေးတာ ကို..အဲဒီလောက်ကြီး
ဝယ်ပေးရလားလို့. .ပြော လိုက်မိတော့ …. မိခင် မေတ္တာ စိတ် နဲ့ အမေ လုပ်သူ က
'' ငါ့သမီးလေး တွေ အပျိုအရွယ်လေး လှချင် ၊ ၀တ်ချင်ရှာမှာ ပေါ့ ဟယ်. .ငါ
ပင်ပင်ပန်း ပန်းရှာ ထား တာ ငါ့သမီးတွေ အတွက် မှ မဟုတ်ရင် ဘယ်သူ့အတွက် လဲ ''
တဲ့ …ဆိုတာ နဲ့ သူ က တော့ အမေ ဆိုတော့လည်း ကိုယ့် သားသမီး ကိုယ် ချစ်ရှာတာ
ကိုး လို့ ဘဲ…ဖတ် ..မပြောကောင်း မဆို ကောင်း အကြောင်းကြောင်း နဲ့ စည်းပွား
ဥစ္စာ မတည်မြဲ ခဲ့ရင် ကလေး တွေ ဘယ်လို များမှ ရပ်တည် နိုင် ပါ့ မလဲ လို့
စိတ် ပူပန် ပြီး ရင်မောစွာ နဲ့ တွေးလိုက်မိပါတယ် ။
တခါလည်း ကျွန်မ တို့ ဓာတ်ပုံ ဆိုင် မှာ မိသားစု အလှပုံ တို့ ၊
မင်္ဂလာဆောင်ပုံ တို့ လာရိုက်ရင်း တချို့ ကလေးလေးတွေ ပါလာရင် က အစ
အဖော်မရှိတဲ့ ကျွန်မ သမီးလေး က ကလေးချင်းမို့ ခေါ်ချင်လို့ ရစ်သီ ရစ်သီ နဲ့
ပါ ။ အိမ်နေရင်း ဆိုတော့ ကိုယ့် ကလေး က အင်္ကျီအဟောင်း ပေပေတူးတူးလေး ဆိုတော့
လာရိုက်တဲ့ ဧည့်သည် ကလေး က ခေါ်ချင်ပုံ မပေါ်ပါဘူး ။ ဒီကြားထဲ ကျွန်မ သမီးက
မျက်ရိတ် မျက်ခြေ နဲ့ ပြလို့ နားမလည်သေးတဲ့ နှစ်နှစ် ၀န်းကျင် အရွယ်
ဖြစ်နေတော့ အလိုက်ကန်းဆိုး မသိစွာနဲ့ သူဆော့ နေ တဲ့ ကျွန်မ မိတ်ကပ် ပြင်တဲ့
Brush နဲ့ ဟို ကလေး ကို တို့လိုက်မိတော့….သူ့မိဘတွေ က အစ ပေသွားတယ်ပေါ့
ခါးခါးသီးသီးဖြစ်ပြီး ၊ ကလေး ကို အနောက်ခေါ်ပြီး ကျွန်မ ကလေး က ရိုးရိုး
သာမန် ရပ်ကွက်ထဲက ကလေး ဖြစ်လို့ သူတို့ ကလေး လို အင်္ဂလိပ်ကျောင်း အဆင့် မှာ
နေရတဲ့ ကလေး မဟုတ်လို့ အဆင့်မရှိတဲ့ အကြောင်း နဲ့ တန်းတူပေါင်းသင်းစရာ
မလိုတဲ့ အကြောင်း ကို အင်္ဂလိပ်လို တိုးတိုး တိတ်တိတ် .....ဆုံးမ နေတာ လည်း
အမှတ် မထင် ကြားလိုက်ရတော့ ကျွန်မ သမီးအတွက် စိတ်မကောင်း
ဖြစ်သွားခဲ့ရပါတယ်…. .တကယ် တမ်းက ကျွန်မ သမီးက ဘာမှ မဟုတ်သလို ၊ သူတို့လည်း
ဘာမှ မဟုတ်သေးမှန်း သူ့မိသားစု အနေအထား အကြောင်း ကြား ဖူးတဲ့ ကျွန်မ
အလိုလို သိနှင့်ပြီးသားပါ ။ မိဘ က နေ့ချင်းညချင်း တစ်သက်စား မကုန်အောင်
ကုဋေ ရှစ်ဆယ်သူဌေးကြီး ဖြစ်လို့ သူတို့ ရဲ့ ကလေးတွေလည်း ကုသိုလ်
ကံကောင်းစွာ နဲ့ လုပ်ကိုင် စား သောက်ရန် မလိုဘဲ တစ်သက်လုံး နေနိုင်ရင်တော့
ဟုတ်တာပေါ့ လို့ လည်း စဉ်းစားမိလိုက်ပါတယ် ။
အဲဒါတွေကြောင့် လည်း ကျွန်မ ခင်ပွန်းသည် က ကလေး ကို အလို
မလိုက်ဖို့ ၊ ပူဆာတိုင်း မ၀ယ် ပေးဖို့ ၊ ငယ်စဉ် ကထဲ က ပိုက်ဆံ
တန်ဖိုးသိစေဖို့ ၊ ဘ၀ အကြောင်း နားလည်စေဖို့ ၊ ဆင်းရဲ ချမ်းသာ မရွေး
လူတိုင်း နဲ့ အဆင်ပြေအောင် ပေါင်း သင်း ဆက် ဆံ တတ်ဖို့ က အစ
အမြဲသွန်သင်လေ့ရှိပြီး တော်ရုံ တန်ရုံ အဖိုးမတန်တာလေး မို့ ကလေး က
ပူဆာတာကို ကိုယ် က အမေ မို့ မနေနိုင်စွာ နဲ့ သူမသိအောင် ခိုးကြောင်
ခိုးဝှက် ၀ယ်ပေးမိ လို့ သူပြန်သိ လျှင် လည်း ကျွန်မ အမြဲ အဆူခံရ ပါတယ် ။
ကလေးမူကြို ထားတာ က အစ တော်ရုံတန်ရုံ ကျောင်းလေးလောက် ဘဲ ရွေးချယ်စေပြီး
ကလေး က စာလိုက်နိုင်မှ ၊ အမှန်တကယ် စာကြိုးစားမှ ကိုယ် တတ်နိုင်ရင်
တတ်နိုင်သလို ပြောင်းပြီးထားပေးလို့ ရ ကြောင်း ၊ အခုလို ကလေး ဘ၀ မှာ
သိပ်အမြင့်ကြီး ကို ထားပေးလိုက်လို့ ကိုယ်က တစ်သက် လုံး မထားပေးနိုင်ရင် ၊
ဒါမှ မဟုတ် နောက်ထပ် ကလေး တွေ ထပ်ယူ ဖြစ်လို့ ကလေးတိုင်းကို တန်းတူ
မထားပေးနိုင်ရင် ၊ အမြင့်ကို ပို့ပြီးမှ အနိမ့်ကို ပြန်သွားခိုင်းရင်
မသွားချင် တော့ တဲ့ အတွက် ကလေးရဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ က အစ ပိုပြီး
ပျက်စီး မည်ဖြစ်ကြောင်း အမြဲ ပြောဆို ဆုံးမ တတ်ပါတယ် ။
ကျွန်မ သမီး နှင့် ပတ်သက်လို့ ကျွန်မကို ကျွန်မ ၏ ခင်ပွန်းသည်
အမြဲတစေ ဆူရသည့် အကြောင်းရင်း က ဒီလိုပါ ။ အဖေ နဲ့ အမေ မသင့်မြတ်တဲ့
ကြားမှာ သိမ်ငယ်မှု စိတ်ဒဏ်ရာတွေ တသီကြီး နဲ့ ကြီးပြင်း လာရ ပေမယ့် ကျွန်မ
အဖိုး ရဲ့ လိုလေသေးမ ရှိ ဖြည့် ဆည်းပေးခဲ့ မှုကြောင့် မြေးဦး လည်းဖြစ်တဲ့
ကျွန်မ လူတွေကြား မှာ မျက်နှာ မငယ်ခဲ့ရ တာတော့ အမှန်ပါ ။ အဖိုး က မူကြိုက
အစ အဲ ဒီခေတ် အခါ က အင်မတန် ဈေးကြီးတဲ့ အင်္ဂလိပ် မူကြို ၊
တခါကျောင်းကြီးတက်တော့ လည်း ၊ ဒဂုံ ( ၁ ) ကျောင်းပိတ်ရက် တွေ စိတ်လေမှာ
စိုးသလို အားကစား လေးလည်း လုပ်ဖြစ်အောင်ဆိုပြီး ကုက္ကိုင်း ရေကူးအသင်းမှာ
ရေကူးသင်ပေး ၊ တဖန် ပိုက်ဆံ ရှိတဲ့ လူ ဂုဏ်တန် အသိုင်းအ၀ိုင်း မှာ ၀င်ဆန့်
အောင်ဆိုပြီး မြန်မာ နိုင်ငံ ရွက်လှေ အသင်း ကို က အစ အသင်း ၀င်ပေး ၊
မသွားချင်လည်း အတင်း လိုက်ပို့ ၊ သူ အားရင် အားသလို သူဌေး ကလေးတွေ နဲ့
တွေ့မယ့်နေရာတွေ ပို့ပေး နဲ့...ကျွန်မ တို့ ကလေး ဘ၀ က ပြည့်စုံ ခဲ့ရသလို
…ရိုးသားအေးဆေးပြီး ဂုဏ် မ မက်သော အဖေ အမေ က မွေးပေမယ့် သူတို့ နဲ့ လုံးဝ
ခြားနားစွာ သူငယ်ချင်း ပေါင်းရင် က အစ တိုက် ရှိသလား ၊ ကား ရှိသလား ၊
တိုက်တောင်မှ ရပ်ကွက် ထဲမှာနေတာလား ၊ ခြံနဲ့ ၀င်းနဲ့ ဆိတ်ငြိမ် မှာ နေ သလား
၊ အဖေ အမေ က ဘာ အလုပ်လုပ်လဲ ကအစ ဟန်ဆောင်ကောင်းလို့ အပေါ်ယံ မျက်နှာ မှာ
မသိမသာ ပေမယ့် အတွင်းစိတ်က ဂုဏ် ရှိ မရှိ နားစွင့်ပြီး ဂုဏ် တစ်ခုခု ရှိ မှ
အပေါင်းအသင်း လုပ်ချင်တဲ့ အထိ အချိုး မပြေ ခဲ့သူ ဖြစ် ပါတယ် ။
ကျွန်မ ဘဲ နားလည် လွဲ ခဲ့တာလား တော့ မသိပါ…ကျွန်မ နားထဲ စွဲ
နေတဲ့ အဖိုး အမြဲ သွန်သင်တဲ့ စကား တစ်ခု က...... ပိုက်ဆံ ဆိုတာ
ကောင်းကောင်း သုံး ၊ ကောင်းကောင်း သုံးတတ် မှ ကောင်းကောင်း ရှာတတ် မယ် တဲ့ ။
အမြင့် ကို မြင်ဖူးမှ အမြင့်ရောက်အောင် ကြိုးစားချင်စိတ်ရှိပါမယ်တဲ့
….အဲဒါကြောင့် ကျွန်မ ကို ကျွန်မ အသက် ၁၀ နှစ် က နေ (သူ ဆုံးတဲ့ ) နှစ်
ကျွန်မ အသက် ၁၉ နှစ် မွေးနေ့ အထိ မွေးနေ့ ပါတီတွေ လုပ်ပေး ၊ သူငယ်ချင်း
တွေ ဘာ သင်တန်း တက်လဲ ၊ ဘယ်သူ ဘာလုပ်နေလဲ က အစ ကျွန်မ စိတ်ကူး ပေါက် ရာ
ပူဆာ သမျှ မငြူစူ စတမ်း ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်မ အဖိုးဖြစ်ပါတယ် ။
ကျောင်းသွား ကျောင်းပြန်တိုင်း အမြဲ ပို့တတ် ကြိုတတ် ၊ ကျူရှင် က အစ သူဘဲ
ပို့ပေးချင် တတ်သလို ရှစ်တန်း ကျောင်းသူလောက် ကထဲ က အဖိုးက မုန့်ဖိုး တွေ
အမေ နဲ့ အဖွား မသိအောင် စာကြည့် စားပွဲထဲ ၊ စာအုပ် ကြိုကြား ထဲ
ခိုးခိုးထည့်ပေးတတ်ပြီး အမေ နဲ့ အဖွား လစ်မှ အချိန်းအချက် နဲ့ မုန့်ဖိုး ရ
မရ …မေးတတ်တဲ့ အထိ အလို လိုက်သော ၊ မုန့်ဖိုးပေးရင် အကြောင်း ပြ ချက်
ခိုင်လုံပြီး အဖွားမဆူရအောင် စာ တစ်ပုဒ် ဖတ်ပြရင် ဘယ်လောက် ၊ ဂုဏ်ထူး
ထွက်ရင် ဘယ်လောက် ၊ ဆောင်းပါး တစ်ပုဒ် ဖတ်ပြရင် ဘယ်လောက် စသဖြင့် အကြောင်း
အရာ မထပ် အမျိုးမျိုး နှင့် မုန့်ဖိုး တွေ အမြဲပေးတတ်တဲ့ ကျွန်မ ရဲ့ အဖိုး
ပိုက်ဆံ ကောင်းကောင်း သုံးတတ်အောင် သင်ပေးခဲ့ပြီး ပိုက်ဆံ ဘယ်လို ရှာရမှန်း
မသင်ပေးနိုင် လိုက် ခင်မှာ ဘဲ ကွယ်လွန်သွားခဲ့ပါတယ် ။ နောက်ဆုံး အခေါက်
နေမကောင်း ဖြစ်လို့ အခြေအနေ မကောင်းတော့ တဲ့ အထိ မှာတောင်မှ ကျွန်မ ကို
ကျောင်း မပို့ပေးနိုင်တော့ တာ ကို ဝေဒနာ ကြား က စိတ်မကောင်းတကြီး နဲ့ပြော
သွားခဲ့တဲ့ ကျွန်မ ကို အလွန် ချစ်သော ကျွန်မ ၏ အဖိုး ဖြစ် ပါ တယ် ။
အဖိုး ဆုံး ပြီး နှစ်တော်တော်ကြာတဲ့ အထိ ကျွန်မ ဒုက္ခရောက်
ရတာ တစ်ခု က ပိုက်ဆံ မရှိရင် မနေတတ်တာပါ ။ မသုံးရ ရင်နေ ပါစေ ၊ ပိုက်ဆံလေး
မြင်နေရ ၊ ပိုက်ဆံလေး ကိုင်ပြီး ဟိုငေး ဒီငေး နှင့် Shopping လေးထွက်နေ မှ
နေသား ကျသော ကျွန်မ တော်တော် နေ မထိ ထိုင်မသာ နဲ့။ တခါတလေ ဘ၀ ခြား တဲ့
အဖိုး ကို ပါ အော် ငို ပြီး တ တတ် ပါ သေးတယ် ။ အမေ က လည်း မုန့်ဖိုးဆိုရင်
ပုံမှန် ကလေး တွေ ပေးသလောက်သာ ပေးနိုင်သူမို့
စိတ်တော်တော်ညစ်ရပါတယ်...ပိုက်ဆံ မရှိရင် သာ မနေတတ်တာပါ ။ လက်ကြော တင်း
အောင် အလုပ်လုပ် ဖို့ ကျတော့လည်း ရတဲ့ ပိုက်ဆံက နည်းသလေး ၊ ပင်ပန်း သလေး
နဲ့ အင်မတန် မှ ထောင့် မကျိုး သော ကျွန်မ ဖြစ်ပါတယ် ။ ပိုက်ဆံ များများ
ရအောင် ဘာတတ်သလဲ ဆိုတော့ လည်း ဘာမှ မတတ် သလို ၊ ပေါင်းသင်း ဆက်ဆံရေးလည်း
အင်မတန်မှ ညံဖျင်းသော အချိုး မပြေသော ကျွန်မ သာ ဖြစ်ခဲ့ ပါတယ် ။ အဲဒီလို
နဲ့ မှ ကျွန်မ အသက် ၂၁ နှစ် အရွယ်မှာ အမေ က ဗြုန်းကနဲ ဆုံး တာ က စပြီး အမေ
နဲ့ အဖိုး ခဏခဏ ပြောခဲ့တဲ့ ကိုယ့် မိသားစု အသိုင်းအ၀ိုင်း ကိုယ့် ခြံဝင်း
ထဲ က ထွက်တာ နဲ့ အပြင် လောက ဘ၀ ကြီး အကြောင်း ဘာမှ မသိတော့ ဘယ်လို ရပ်တည်
မလဲ ကို စိတ်ပူပါတယ် ဆိုတဲ့ အတိုင်း လူ အမျိုးမျိုး ၊ ဒုက္ခ အဖုံဖုံ ကို
အကြောင်းအရာ မထပ် ရင်ဆိုင်ကြုံတွေ့ရပြီး မှ ပိုက်ဆံ မရှိ ရင် မခေါ်ချင်သော ၊
အလုပ်အကိုင် မရှိ ရင် အထင်သေးစွာ ဆက်ဆံသော ၊ ဂုဏ် မရှိရင် ဘယ်သူ မှ
ဆေးဖော်ကြော ဖက် နှုတ် ဆက်ဖော်တောင် မရ သော ဘ၀ အမျိုးမျိုး ကို မခံချင်
စိတ် အမျိုးမျိုး ကြားမှ နာကျင် ခံခက်စွာ နဲ့ ရင်ဆိုင်ကျော်ဖြတ် လာ ရင်း
အလုပ် တစ်ခုခု လုပ်ကို လုပ်မှ ဖြစ်တော့မယ် လို့ ဘ၀ ရဲ့ အတွေ့အကြုံ
အမျိုးမျိုး ၊ ဘ၀ ပေး သင်ခန်းစာ အမျိုးမျိုး ကြား မှ ကိုယ့် ကိုယ် ကိုယ်
ဆုံးမ ပြုပြင်ရင်း ယနေ့ ကျွန်မ လက်ရှိ လုပ် ကိုင်နေ သော GINGER အမျိုးသမီး
သီးသန့် ကိုယ်ကာယ အလှ သင်တန်း ၊ မျက်နှာ အဆီချ လုပ်ငန်း ၊ ခန္ဓာကိုယ်
အဆီချလုပ်ငန်း စတဲ့ အလုပ် အမျိုး မျိုး ကို အင်မတန် မှ စိတ်ရှည် သီးခံမှု
အပြည့် နဲ့ လုပ်ကိုင် ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။
စိတ်ရှည် သီးခံမှု အပြည့် နဲ့ ( ၇ ) နှစ် နီးပါး
လုပ်ကိုင်နေတယ် ဆိုလို့ လည်း လွယ်တယ် မထင် ကြပါနဲ့ ။ ပထမဆုံး
အားက စား သင်တန်း ဖွင့်ဖွင့်ချင်းမှာ ဘဲ….ကိုယ် က လုပ်ပြရရုံ ၊ ပါးစပ် နဲ့
သင်ရုံ နှုတ်ချို ရုံလေးနှင့် မပြီး မှန်း သိလာရတဲ့ အတွက် ၊ ခြေထောက်
အရွယ်စုံ ၊ အရောင် စုံ ကို ကိုင်ရသလို ၊ ရေမွှေးနံ့ ချွေးနံ့ အမျိုးမျိုး
နဲ့ ခန္ဓာ ကိုယ် ကို အမျိုးမျိုး ကို တစ်သက်လုံး ထောင့် မ ကျိုးခဲ့ တဲ့
ကျွန်မ လူဝင်လို့/ သတ်မှတ်ရက် ပြည့်လို့ အတိုင်း တိုင်း ရတိုင်း ၊
အသက်အောင့် ကာ တိုင်း လို့ ကိုယ်ရွေးခဲ့တဲ့ အလုပ် ဘယ်လို အကြောင်း နဲ့ မှ
မအောင်မြင်လို့ ပိတ်လို့ မရ..ဘူး လို့ ကိုယ့် ကိုယ့်ကိုယ် ဆုံးမ
အားတင်းရင်းနဲ့ဘဲ အားကစား သင်တန်း နည်းပြ ဘ၀ ကို အောင်မြင်စွာ
ကျော်ဖြတ်ခဲ့ရ ပါတယ် ။ အဆီချ စ လုပ်လို့ လူ ကျတဲ့ အခါ မှာ Massage က အစ
ကိုယ် ၀င်လုပ် ရတော့ လည်း ခန္ဓာကိုယ် အမျိုးမျိုး ကိုင်တွယ် လုပ်ကိုင်ရင်း
မှ ဒီ အလုပ် က ကိုယ့် ကို ထမင်းကျွေးတဲ့ အလုပ် ၊ ဒီ လူတွေ အမျိုး မျိုး က
လည်း ကိုယ့် အပေါ် ကျေးဇူး ရှိတဲ့ သူတွေ ၊ သူတို့ ပေးတဲ့ ပိုက်ဆံ ယူ ၊
သူတို့ ကျွေးတဲ့ ထမင်းစား ပြီး ငါ သူတို့ အလုပ် မလုပ် ချင် လို့ မှ မရတာ ၊
ကိုယ် က စ ပြီး သူများ ခန္ဓာကိုယ် ကို မကိုင်ချင် ဖြစ်နေရင် ကိုယ့်
ဝန်ထမ်းတွေ ပိုဆိုး ကုန်မှာပေါ့ လို့ ကိုယ့် ကိုယ် ကိုယ် ကြိတ်ဆုံးမ လုပ်
ကိုင် ရင်း ၊ လူကျလို့ ၀င်ဝင်လုပ်ပြီး လက်တွေ ကိုက်ခဲနေတိုင်း ကျွန်မ ဆိုင်
က ကလေးတွေ မသိအောင် အိပ်ခန်းထဲမှာ အသံတိတ် ငိုရင်း နဲ့ဘဲ အဆီချ တဲ့ ဘ၀ ကို
တခါ ဖြတ်ကျော် ခဲ့ရပါတယ် ။
အဲဒီ အလုပ်တွေ ကို လူ ကျ တိုင်း လူလို တိုင်း ၀င်လုပ်နေကျမို့
ရှက်တာ ၊ အောက်ကျ တာ မဖြစ်တော့ ပေမယ့် လည်း ရယ်စ ရာကောင်း တာ တစ်ခု က
မျက်နှာ အဆီချ လုပ်တာ / Face Lift လုပ်တာ မှာ သူ့ ရက် ပြည့်လို့
ပေါင်းတင်ပေးတဲ့ အခါမှာ မျက်နှာ ကို ပေါင်းဆေး သုတ်ထားရင်း ၃ နာရီလောက်
လဲလျောင်းနေရတဲ့ Customer ညောင်းနေရှာမှာ ဘဲ လို့ တွေးမိပြီး တစ်ချက် ခုတ်
နှစ် ချက်ပြတ် ၊ သူ့ အနားမှာ နေရာ လည်း ရောက် ၊ သူလည်း မပျင်း ကိုယ်လည်း
ငုတ်တုတ်ကြီးစောင့် မနေရအောင် .မျက်နှာ...ပေါင်းဆေး သုတ် အခြောက်ခံထား
ချိန် မှာ ညောင်းနေမယ့် Customer ရဲ့ ဂုတ်တွေ ၊ ကျောကုန်းတွေ ၊
လက်မောင်းတွေ ၊ ကို နှိပ်ပေး တဲ့ Service လေး ထည့်လုပ် ပေးချင်တာ ပါ …ခက်တာ
က ကိုယ် က စပြီး လုပ်မပေးရင် ကိုယ့်ဆီ က ၀န်ထမ်း ကလေး တွေ က ပိုပြီး
မလုပ်ချင် မှာ စိုးတဲ့ အတွက် ကိုယ် က အရင် စ ပြီး နှိပ်ပြပေးနေရတာ
ဖြစ်ပါတယ် ။ သင်တန်း သင်လို့ ခြေထောက် ကိုင် ရတာ ၊ အဆီချ လို့ ဗိုက်တွေ ၊
ခြေထောက်တွေ ကိုင်ရတာ ရိုးနေပေမယ့် မိန့်မိန့်ကြီး အိပ်နေမယ့် Customer
ကို အနောက် က နေ နှိပ်ပေး ရတာ အစ ကတော့ စိတ်ထဲမှာ အောက် သလို လို နဲ့
ရှက်တာ ပါ ဘဲ..ဒါပေမယ့် လည်း အဲဒီ အောက်တဲ့ စိတ် ကလေး နေရာ မှာ... ငါ ဟာ
သူ့ပိုက်ဆံ ကို ယူ ထား တဲ့ အတွက် ဒီ အချိန်အပိုင်းလေး မှာ သူ့ရဲ့
အခိုင်းအစေ အပါး ဘဲ..သူ့ ပိုက်ဆံ ယူထားရင် သူ စိတ်ကျေနပ် မယ့် ၀န်ဆောင်
မှုလေးတော့ ပြန်ပေးဆပ်ရမှာပေါ့ လို့ ကိုယ့် စိတ်ကို အနိမ့်ဆုံးနဲ့
အောက်ဆုံး အထိ ချိုး ချ လိုက်တော့မှဘဲ မရှက်မကြောက် မသိမ်ငယ်တော့ဘဲ ကိုယ်
လုပ်ပေးချင်တဲ့ ၀န်ဆောင်မှု ရအောင်တော့ လုပ်နိုင်သွားတာ ဖြစ်ပါ တယ် ။
အဲဒီ အနိမ့်ကျဆုံး စိတ် နဲ့ သမာအာဇီဝ နဲ့ လုပ်ကိုင်တာ ရှက်စရာ
မဟုတ်ဆိုတဲ့ စိတ်ကလေး မွေးရင်း နဲ့ ဘဲ အခု ချိန် မှာတော့ လူရှေ့ မှာ
ခြေထောက် ကိုင်ရလဲ မရှက်တော့ သလို ၊ ဘယ်လို ခန္ဓာကိုယ် မျိုး ကိုင်ရ ကိုင်ရ
လည်း အောက်ကျ သိမ် ငယ် တယ် လို့ မခံစား ရတော့ ပါဘူး …ကျွန်မ ရဲ့
ငယ်သူငယ်ချင်းမလေး တစ်ယောက် က တောင် ကျွန်မ အလုပ် အကြောင်း စကား စပ် မိတော့
ကျွန်မ ကို ဒီ အ လုပ်တွေ ဆိုတာ သူတို့ဆို အားရင် ၊ ပျင်း ရင် ၊
စိတ်ထွက်ပေါက် အနေနဲ့ ဇိမ်ခံတဲ့ အနေနဲ့ ထွက် လုပ်တာ ..နင် က အဲဒါ ကို များ
ဝင် လုပ်နေရလားလို့ အပြစ်တင် လာတာတောင် မှ ကျွန်မ ပြုံးပြုံးရွှင်ရွှင် နဲ့
ပြန်ပြောရဲတဲ့ အထိ ကျွန်မ ရဲ့ အလုပ် နဲ့ ကျွန်မ ကို ထမင်းကျွေး တဲ့
Customer တွေ အပေါ် ချစ်တတ်နေပြီ ဖြစ်သလို လူရှေ့သူရှေ့ မှာ သူများ ခြေထောက်
မကိုင်ရဲ ပါဘူး ...ဆိုတဲ့ ကျွန်မ လို အပိုး မကျိုး တဲ့ Foot Massage
လုပ်မယ့် ၀န်ထမ်းတွေ ပါလာရင် လည်း ကျွန်မ ကိုယ်တိုင် လူရှေ့ မရှောင်
ဒူးထောက် ထိုင်ချ လို့ ခြေထောက်တွေ ကိုင်ပြ ၊ ပယ်ပယ်နယ်နယ် ဆေး လိမ်းပြ နဲ့
ထောင့်မကျိုးတဲ့ ၀န်ထမ်းတွေ ကို ပါ အချိုးပြေအောင် ကိုင်တွယ်နိုင်ပြီ ဖြစ်
ပါတယ် ။
ဒီ Link အရှည် ကြီး ကို ဖတ်မိသူတိုင်း ကျွန်မ ရဲ့ ညံ့ဖျင်းပုံ ၊
အသုံးမကျပုံ ၊ အချိုးမပြေပုံ ၊ ထောင့် မကျိုးခဲ့ ပုံ ၊ ပေါင်းသင်း ဆက်ဆံရေး
မတတ်ခဲ့ပုံများ ကို အမြင်ကတ်စွာ နဲ့ သိခဲ့ရမှာ ဖြစ်တဲ့ အတွက်..ဒီ စာပိုဒ်
ရဲ့ အစ ခေါင်းစဉ် မှာ ကျွန်မ ရေးခဲ့တဲ့ ရင်မော ရတဲ့ ကလေးငယ်များ ဆိုတာ
ဘာကြောင့် လဲ ဆိုတာ ကို သိလောက်ပြီ ထင်ပါတယ် …ကိုယ့် သားသမီးလေး တွေ ကို
ကိုယ် ဆင်ခဲ့ ကျွေး ခဲ့ ထားခဲ့ သလို ကိုယ်ရှိရှိ မရှိရှိ တသက်လုံး
ချမ်းချမ်းသာသာ ဆက်ထား သွားနိုင်ရင်တော့ အကြောင်း မဟုတ်ပေမယ့် ကံတရားက
အကြောင်း ကြောင်း နဲ့ လွဲချော် တိမ်းစောင်းခဲ့သော် …ကျွန်မလို မျိုး အံမ၀င်
၊ ခွင်မကျ ၊ ထောင့် မကျိုး ၊ အချိုး မပြေစွာ နဲ့လူ့လောက အလယ် မှာ
မျက်စိသူငယ် ၊ နားသူငယ် နဲ့ ဒုက္ခမရောက် ရ စေချင်သလို ၊ ကျွန်မ လို
အချိုးမပြေ စွာ နဲ့ ဒုက္ခ အမျိုးမျိုး ရောက်ပြီး မှ လောက ကြီး က
ပြုပြင်ပေးလိုက်တာမျိုး လည်း မဖြစ်စေရအောင် ..ကျွန်မ မှာ လည်း ကျွန်မ ရဲ့
သမီး ငယ် လေး ကို အခု ထဲ က မဆူချင်လည်း ဆူ ရ ၊ မဆဲချင် လည်း ဆဲရ ၊
မရိုက်ချင် လည်း ရိုက်ရ ၊ အပြစ် ဒဏ် မပေးချင် လည်း ပေး ရ ၊ ဈေးပေါ တဲ့
အ၀တ်အထည်တွေ ၊ အရုပ်လေးတွေ ၊ ကစားစရာ လေး တွေ ၊ အသုံးအဆောင်လေးတွေ က အစ ၊
မ၀ယ်ပေးချင် မဆင် ချင်လည်း နားမလည်သေးတဲ့ ကလေး အထွာ နဲ့ တန်ရုံဘဲ လို့
စိတ်ကူးပြီး ၀ယ်ပေးရ နဲ့ ဘဲ….သမီးလေး ဘ၀ လှစေ ချင်သလို…တခြားသော ကျွန်မ လို
အချိုး မပြေ သော ကလေးငယ်လေး များ ၏ ဘ၀ များ လည်း အနာဂတ် ဘ၀ များစွာ မှာ
လှပ စွာဖြင့်... ကျွန်မ လို မဖြစ်ရစေရန် ရည်ရွယ်…ဆန္ဒပြု ရင်း ………..
No comments:
Post a Comment