Wednesday, June 6, 2012

တွဲမိတဲ့ လက်နှစ်စုံ ..... သက်ဆုံးတိုင်စေဖို့.....

        ဒီနေ့ ဟာ ကျွန်မ နဲ့ ကလေး ဘ၀ ထဲ က သူငယ်ချင်း ဖြစ်တဲ့ ပပ ( ပပသင်း နဲ့ စည်သူ ) တို့ရဲ (၁၄ ) နစ်မြောက် မင်္ဂလာ နှစ်ပတ် လည် ဖြစ်ကြောင်း ကို ကျွန်မ ရဲ့ Home Page မှာ သူငယ်ချင်းတွေ ရဲ့ ဂုဏ်ပြု ဆုတောင်းလွှာ တွေ တသီကြီး နဲ့ ဖတ်လိုက်ရပါတယ်.... ဖတ်ရတာ ပျော်စရာကောင်းသလို ၊ ရွယ်တူ သူငယ်ချင်းတွေ ထဲမှာ အစောဆုံး အိမ်ထောင်တစ်ခု ထူထောင်ခဲ့တဲ့ သူတို့ နှစ်ယောက် ဆယ်စုနှစ် တစ်ခုကျော်ကြာ ချစ်ချစ်ခင်ခင် လက်တွဲနေတာ ကို လည်း ကြားရတာ.....စိတ်ပျော်ရွှင်ကြည်နူးလိုက်ရတဲ့ မင်္ဂလာ သတင်းလေး ဘဲ ဖြစ်ပါတယ်......
            ကျွန်မ ရေးချင်တဲ့ အကြောင်းအရာ ကို မရေးခင် မှာ သူတို့ နှစ်ယောက်ကို ....သာယာပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစု ဘ၀လေး ...သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေ လို့...... ပထမဦးဆုံး....ဆုတောင်းပေးလိုက်သလို....ကျွန်မ နဲ့ သက် တူ ရွယ်တူ သူငယ်ချင်းတွေထဲမှာ...ပထမဦးဆုံး ဆယ်စုနှစ် တစ်ခုကျော်တိုင်ခဲ့တဲ့ အိမ်ထောင် တစ်ခုမှာ မတူညီတဲ့ စိတ် သဘောထား ကွဲလွဲမှုတွေ ၊ ရန်ပွဲတွေ ၊ နားလည်မှုတွေ အပြန်အလှန် ညှိနှိုင်းခဲ့ရမယ့် ၊ အပြန်အလှန် သီးခံခဲ့ ရမယ့် အချက်တွေ လည်း အများကြီး ရှိခဲ့မှာပါ ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ခုချိန်ထိ ချစ်ချစ်ခင်ခင် နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု နဲ့ မိသားစုဘ၀ လေး တည် ထောင်နေ နိုင်တာ...လည်း ချီးကျုး မိပါတယ်.....
            စိတ်ကြည်နူးစရာ သတင်း ကို ပထမဆုံး ပြော ပြီးတဲ့ နောက် မှာ တော့ စိတ်မချမ်မြေ့ဇွယ်ရာ …..တစ်နှစ် မပြည့်သေး တဲ့ မင်္ဂလာ စုံတွဲ တစ်တွဲ အကြောင်း ပြောပါအုံးမယ်…ကြားရတဲ့ သတင်း က စိတ် အခန့်မသင့်လို့ ခဏတာ ရန်ဖြစ် စိတ်ဆိုး စိတ်ကောက် ကြတာ မဟုတ်ဘဲ တစ်ချိန်လုံး ရန်ပွဲတွေ တဂျိန်းဂျိန်း နဲ့ ရန်ဖြစ် တာမှ…ဒုတ်နဲ့ ရိုက် .... ခြေထောက်နဲ့ ကန်…ပါးရိုက် ၊ ခေါင်းကွဲ ကြတဲ့ အထိ ဖြစ်ကြတဲ့ စုံတွဲပါ ။ အဓိက အကြောင်းအရာ ကတော့.. ... ယောကျာ်း က ပုံမှန်ဝင်ငွေ မရှိ ၊ မိန်းမ က ပိုက်ဆံရှာ နိုင်တော့ ယောကျာ်းကို အထင်မကြီး…ပုတ်ခတ်တာ က နေ စလာတဲ့ ရန်ပွဲတွေပါဘဲ….မယူခင်ကထဲ က ကိုယ်ယူမယ့် ယောကျာ်း က ပုံမှန် ၀င်ငွေ မရှိတာ ကို သိပြီးသားဖြစ်သလို ၊ ယောကျာ်းက လည်း မိန်းမ က ပိုက်ဆံရှာနိုင်တဲ့ မိန်းမ မို့ မာန်ရှိတယ်ဆိုတာ ကိုလည်း သိနေပြီးသားပါ…သမီးရည်းစား ဘ၀မှာ ညှိလို့ရမယ်ထင်လို့ လက်ထပ်လိုက်ကြပေမယ့် .....တကယ်တမ်းမှာ မိန်းမ ကလည်း ပိုက်ဆံ မရှာနိုင် တဲ့ ယောကျာ်း ကို အထင်မကြီး ၊ ယောကျာ်း ကလည်း သူ့ မာန ကို ပုတ်ခတ်စော်ကားလို့ အနာပေါ် တုတ်ကျ နဲ့တော်တော် ကို ကြားရ တာ စိတ်မချမ်း သာ ဖြစ်ရတဲ့ စုံတွဲပါ ။ ချစ်သူရည်းစား ဘ၀ မှာ အပြန်အလှန်လေ့လာကြပြီး နားလည်မှုတွေ ဖလှယ် ကြ လို့ အကောင်းဆုံးရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးမှ လက်ထပ်ခဲ့ ကြ ပေမယ့်လည်း တကယ့် လက်တွေ့ ဘ၀ မှာ မတူညီတဲ့ ဓလေ့ ၊ စရိုက် အမူအကျင့် တွေကို အနီးဆုံးမြင်ကြရပြီမို့….တကယ့်အိမ်ထောင်သည် ဘ၀မှာ စိတ်ရှည် သီးခံပြီး သူ့ဘက် ကိုယ့် ဘက် အပြန်အလှန် နားလည်မှု ရှိကြဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်… .ဒီကြားထဲ လင်မယား ချင်း ၊ ရာထူး ပြိုင် ၊ ဂုဏ်ပြိုင် ၊ ၀င်ငွေပြိုင် နှစ်ဘက်မိဘဆွေမျိုး ရဲ့ အရှိန်အ၀ါ ပြိုင် နဲ့ သမီး ရည်းစား ဘ၀ မှာ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းလို့ ရနိုင်မယ် ၊ ပြုပြင်လို့ ရနိုင်မယ် ထင်ခဲ့တဲ့ အကြောင်း အရာတွေ ကလည်း လက်တွေ့ ဘ၀မှာ ကျတော့ ထင်သလို ဖြစ်မလာ ကြပါဘူး….အဲဒီလို နဲ့ သူတင်း ကိုယ်တင်း နှစ်ဘက် တင်းတော့ ကြားထဲ က အပျက်ပျက် နဲ့ ဒုက္ခရောက်ကြရ ၊ စိတ်ဒဏ်ရာ ရကြတာ ကြားထဲ က အပြစ်မရှိတဲ့ ရင်သွေးလေးတွေ ပါ……
            တခါတုန်းက ကျွန်မ အမျိုးသားနဲ တခါ....ညဘက်ကြီး စိတ်အခန့်မသင့်လို့ ခွန်းကြီးခွန်းငယ် စကား များနေ တဲ့ အချိန် မှာ ….စကားတတ်ခါ စ ကျွန်မ ရဲ့ သမီးလေး က တံခါးပေါက်လေးမှာ ဘယ်သူမှ မသိအောင် ချောင်း ကြည့်နေ ခဲ့ပါတယ်…ကိုယ့်အရှိန် နဲ့ ကိုယ်ဆိုတော့ သမီးလေး ရှိနေမှန်းလည်း မသိကြပါဘူး….ခါတိုင်း အဲဒီ အချိန်ဆို သူအိပ်ပါပြီ ။ အဲဒီနေ့ က တော့ ကိုယ့်ဒေါသ နဲ့ ကိုယ်ဆိုတော့ သူ မအိပ်ရသေးတာ လည်း သတိမထား မိ ခဲ့ ပါဘူး …..ကလေးက အိပ် ချင် လို့ လာချောင်းရင်း…အဖေနဲ့ အမေ စကားများ နေလို့ မ၀င်ရဲ ဘဲ..အခန်းဝ လေး မှာ ချောင်း ပြီး ငုတ်တုတ်လေး ထိုင်ရင်း …အသံ မထွက်အောင် ကြိတ်ငိုနေပါတယ်….ကျွန်မ အပြင်ထွက်လာတဲ့ အချိန်မှာ ဘယ်လိုမှ ထင်မထားတဲ့ ၂ နှစ် သာသာ ကလေး ငယ်ရဲ့ စိတ်ခံစားချက် ကို တွေ့မြင်လိုက်ရတော့ ကျွန်မ တော်တော်လေး စိတ်ထိခိုက် သွားမိပါတယ်…. ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မ ကိုယ်တိုင်လည်း ရန်ပွဲတွေ တချိန်လုံး ဆင်နွှဲနေတဲ့ မသင့်မြတ်တဲ့ မိဘ တွေကြား က စိတ် အားငယ်မှု တွေ ၊ မျက်ရည်တွေ နဲ့ တသက်လုံး ကြီးပြင်း ခဲ့ရတာ မို့ဖြစ်ပါတယ်…..
            ကျွန်မ အမေ က အဖေ နဲ့ စိတ်ဆိုး လို့ ကွဲမယ် ကွာမယ် ဖြစ်တိုင်း ကျွန်မ က ကျောင်းက သူငယ်ချင်းတွေ က သူ့အဖေ နဲ့ အမေ က ကွဲနေတယ် လို့ပြောရင် …သမီးရှက် လို့ပါ … တရားဝင်တော့ မကွဲလိုက် ပါနဲ့ ဆိုတဲ့ ကျွန်မ စကား ကို ကျွန်မ အမေ က သေသည် အထိ နားထောင် ပေးသွားခဲ့ပါတယ်….ကျွန်မ အမေ နဲ့ အဖေ မတည့်ရတဲ့ အကြောင်း က လည်း ကြီးကြီး မားမား မဟုတ်ခဲ့ သလို …ဘယ်သူ ကမှလည်း လော်မာဖောက်ပြားလို့ မဟုတ် ခဲ့ပါဘူး …..
            ဒဂုံ (၁) လို ယောကျာ်းလေး ၊ မိန်းကလေး ရောရောရောရော နဲ့ တရုန်းရုန်းနေတဲ့ ကျောင်းက ထွက်တဲ့ ကျွန်မ အမေ နဲ့ အညာသားလို ပုံတုန်းတုန်းကြီး နဲ့ ရှေးရိုးအင်မတန် ဆန်ပြီး အယူအင်မတန်သီးတဲ့ အဖေ တို့ (၇) နှစ်ကျော် ကြာ ချစ်ကြိုက်ယူပြီး မှ အသွင်မတူ လို့ အိမ်သူ မဖြစ်နိုင်ကြတာ သဘာဝ ပါ…အမေ က ကျောင်းနေ ဘက်. ... ယောကျာ်းလေး သူငယ်ချင်း တွေ တွေ့လို့ တရင်းတနှီး ခင်မင်နှုတ်ဆက်ရင် အဖေ က သ၀န်တို မကြိုက်ပါ ။ ကိုယ့်ယောကျာ်း ရယ်လို့ အသိအမှတ်ပြု မိတ်ဆက်တော့လည်း အဖေက ခပ်တည်တည် နဲ့ ဟက်ဟက်ပက်ပက် မရှိတဲ့ အတွက်….အမေ က လည်း သူငယ်ချင်း နဲ့ပြန် တွေ့ရင် …မိတ်မဆက်ပေးချင်တော့ပါ ။ အဲဒီ က နေ စ ပြီး ပိုပို ဆိုး လာတာ က တွေ့သမျှ လူ နဲ့ သ၀န်တို ၊ သ၀န်တို ရာ က စွပ်စွဲ ၊ မဟုတ်ဘဲ စွပ်စွဲခံ ရတာများလာတော့ အိမ်ထောင်ရေး က မသာယာ နဲ့ နောက်ဆုံး သ၀န်တိုတာ ဘယ်လောက်အထိဆိုးရွားလာသလဲ ဆိုရင်…ကျွန်မ အမေ နဲ့ ခဏ စကားပြောပြော ၊ ဘယ်မှာတွေ့တွေ့ ၊ အသက်ကြီးငယ် မရွေး ၊ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစား ဘဲ..တွေ့သမျှလူ နဲ့ သမုတ်. .. တော့ တာပါဘဲ….အမေ ကလည်း သူငယ်ချင်းတွေ့လို့ ၀မ်းသာအားရ နှုတ်ဆက် ခင်မင်တတ်တာ က လွဲရင် ၊ ယောကျာ်း ဆိုလို့..ကျွန်မ အဖေ တစ်ယောက်ထဲ နဲ့ သာ ချစ်ကြိုက် ယူခဲ့တဲ့ မိန်းမ ဖြစ်သလို ဆိုရှယ်ကျ တယ်ပြော ရလောက်အောင် ပါတီလည်း မတက် ၊ ကလပ်လည်း မသွား ၊ ဘီယာလည်း မသောက် ၊ ဖဲလည်းမရိုက်တတ်တဲ့ မိခင် မျိုး ဖြစ်သလို မိုးလင်းက မိုးချုပ် သားသမီး ဝေယျာဝစ္စ နဲ့ နေ့စဉ်အမျှ အချိန် ကုန်နေရတဲ့ အမေ မျိုးဖြစ် ပါတယ် ….ကိုယ်လက်ထပ်ထားတဲ့ မိန်းမ ရဲ့ အကျင့် စရိုက် က ကိုယ်ထင်သလို ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစား ဘဲ….ထင်ရာစွဲတွေး စွပ်စွဲ ၊ ရန်ဖြစ် နဲ့ တော်တော် စိတ်ဆင်းရဲ စရာကောင်းခဲ့ ကြတဲ့ ကျွန်မ အဖေအမေ ရဲ့ အဖြစ်အပျက်တွေ ပါ…. အခုရေးပြ ခဲ့တဲ့ အချက်တွေထက် ပိုပြီး အဆိုးတကာ့ အဆိုးဆုံး ဆိုတဲ့ အခြေအနေ အမျိုးမျိုး ကို ကျွန်မ တထိတ်တလန့် နဲ့ နှစ်ပေါင်း များစွာ တွေ့ကြုံခံစား ခဲ့ရပါတယ်.....ကျောင်းသား ဘဲရှိသေးတဲ့ ကျွန်မ တို့ မောင်နှမ စိတ်ချမ်းချမ်း သာသာ နဲ့ အေးအေး ဆေးဆေး စာကျက်ပြီး ဖြေခဲ့ရတဲ့ စာမေးပွဲဆိုတာ လည်းတော်တော် ရှားပါး ခဲ့ရပါ တယ်.....
            တဖြည်းဖြည်း နဲ့ ညှိလို့ မရကြလို့ ကျွန်မ တို့ မောင်နှမ သုံးယောက် မျက်နှာ နဲ့ တရားဝင် မကွဲကြပေမယ့် ကျွန်မ အမေဆို အဖေ ကို စိတ်နာ လို့သေသည် အထိ စကားအပြောဘဲ…သူအခြေအနေ မကောင်းတာ့ တဲ့ နောက်ဆုံး အချိန် အထိ အဖေကို မခေါ်ပေးပါ နဲ့ဆိုတာပါဘဲ….ကျွန်မ တို့လည်းကြောက်ကြောက် နဲ့ အမေ ရောဂါ ပိုဆိုးမှာ စိုးတာ မို့ အမေ အသက် မရှိတော့ မှ သာ ..အာရှတော်ဝင် ဆေးရုံရှေ့မှာ ငုတ်တုတ် ကလေး မျက်နှာငယ် နဲ့ ထိုင်စောင့်နေပေး တဲ့ အဖေကို အသိပေးတွေ့ခဲ့ကြရပါတယ်…. အသက်မရှိတော့ တဲ့ မိန်းမ ကို ပြေးဖက်ပြီး ကျွန်မ အဖေလည်း ရှိုက်ကြီး တငင် ငိုကြွေး ခဲ့တာ မျက်စိထဲ က မထွက်ပါဘူး…..ကျွန်မ တို့ ( ၇ ) တန်း လောက် က နေ တဂျိန်းဂျိန်း ဖြစ်ခဲ့ကြတဲ့ အဖေ နဲ့ အမေ ရဲ့ ရန်ပွဲ ဟာလည်း ကျွန်မ အသက် ၂၁ နှစ် အရွယ်မှာ အမေ ဆုံး မှ ဘဲ ငြိမ်းအေးသွားခဲ့ ရပါတယ်….
            အဖေ နဲ့ အမေ မသင့် မြတ်တာ သူငယ်ချင်းတွေ သိမှာ ရှက်လွန်းလို့ ၊ တခါတရံ ခရီးသွားရုံ က လွဲပြီး အိမ်မှာ အမြဲရှိတဲ့ အဖေကို သူငယ်ချင်းတွေ က မမြင်ဖူးလို့ မေးရင်..တချိန်လုံး ခရီးသွားတယ်လို့ ညာပြောခဲ့တာ ..အမေ ဆုံးတော့ မှ သာ အဖေကို ကျွန်မ သူငယ်ချင်းတွေ မြင်ဖူးကြတဲ့ အထိပါဘဲ….ကိုယ့်သူငယ်ချင်းတွေ နဲ့ တွေ့ရင်.. မိတ် ဆက်ပေး ရင်…ကျွန်မ အမေ ရဲ့ မကောင်းကြောင်း မဟုတ်ဘဲ လျှောက်ပြောမှာ ကို စိုးတဲ့အတွက်…. အသက် ရှင် ရက်. .တောက်လျှောက် ရှိခဲ့တဲ့ အဖေ ကို ခရီး အမြဲသွားသလို ညာညာပြောနေခဲ့လို့….ကျွန်မ နဲ့ ( ၁၅ ) နှစ်လောက် ပတ်သက် ခဲ့ဖူးတဲ့ ရည်းစားဟောင်း ငယ်သူငယ်ချင်း ကတောင်…ကျွန်မ ရဲ့ အမြဲတမ်းသိမ်ငယ်နေရတဲ့ စိတ်ခံစားမှု ကို နားလည် မပေးခဲ့တဲ့ အပြင် သူနဲ့ ကြီးကြီးကျယ်ကျယ် ရန်ဖြစ်တဲ့ အခါ မှာ နင့်အမေ က လင်ကောင် မပေါ်ဘဲ မွေး ခဲ့တာ.…နင့်လို အဆင့်အတန်းမရှိတဲ့ မိန်းမ နဲ့ မပတ်သက်ချင်ဘူး လို့... ရက်ရက် စက်စက် ပြောသွားတဲ့ အထိပါဘဲ….သူပြောတဲ့ စကား ကြားလိုက်ရတဲ့ အချိန်မှာ ကြက်သေသေပြီး ...အံသြတကြီး ဖြစ်သွားခဲ့မိပြီး သူ့ကို စိတ်မဆိုးနိုင်ဘဲ...အဖေ ငုတ် တုတ် ရှိပါရက် ..ကျွန်မ အသုံးမကျ မှုကြောင့် ကျွန်မ အမေ အစော်ကား ခံရလေခြင်း လို့ ဘဲ စိတ်မကောင်းဖြစ်ခဲ့ ရပါတယ်....
            ကျွန်မ ရဲ့ မရင့်ကျက်ခဲ့ တဲ့အသက်အရွယ် က မလိုအပ်ဘဲ လိမ်ညာမိခဲ့ လို့ …ရည်းစားတစ်ယောက် ပဲထား ပြီး ယောကျာ်းတစ်ယောက်နဲ့ သာ ပတ်သက်ခဲ့တဲ့ ကျွန်မ အမေ လည်း သူငယ်ချင်း အများစု အမြင်မှာ လင်ကောင် မပေါ်ဘဲ….ကလေးမွေးတယ်…အပြောခံခဲ့ရတဲ့ အထိ မလိုအပ်ဘဲ ဖုံးမိခဲ့ ၊ ညာမိခဲ့လို့ ကျွန်မ အမေ..သိက္ခာကျခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်......
            အမေ အကြောင်း ပြန်ဆက်ပြောရရင်…..အဖေ ကို စိတ်နာလို့ နှစ်ပေါင်းများစွာ စကားမပြော သေသည် အထိ အတွေ့ မခံသွားခဲ့ တဲ့ ကျွန်မအဖေကို အရမ်းမုန်းပါတယ်… စိတ်နာပါတယ်.. ဆိုတဲ့ ကျွန်မ အမေ ရဲ့ ပစ္စည်းတွေ ရှင်းတော့ သူ နောက်ဆုံး သုံးသွားတဲ့ သူ့ပိုက်ဆံအိတ် ထဲမှာ သမီးရည်းစား ဘ၀ က သူတို့နှစ်ယောက်ရိုက်ထားတဲ့ စုံတွဲ ပုံလေး ကို တွေ့လိုက် ရတာပါဘဲ….နှစ်ပေါင်းများစွာ စိတ်ဘယ်လောက်နာတယ်ပြောပြော ၊ သံယောဇဉ် ဓာတ်ပုံလေး ကို နောက်ဆုံး အချိန်ထိ အမေ က ပိုက်ဆံ အိတ်ထဲ သိမ်းသွားတယ် ဆိုတာ အဖေ စိတ်မ ကောင်းမှာ စိုးလို့….ဒီနေ့ ဒီအချိန် ထိလည်း အဖေကို ထုတ်မ ပြောဖြစ်ခဲ့ တော့ပါဘူး……..
            မိဘတွေ အိမ်ထောင်ရေး အဆင်မပြေဖြစ်ရင် သားသမီးတွေ ကိုယ်စီ ကိုယ်စီ စိတ်ဒဏ်ရာဒဏ်ချက်တွေ နဲ့ သူတို့ ရဲ့ ရန်ပွဲတွေ ကြား ကစိတ်ဆင်းရဲစွာနဲ့ ကြီးပြင်းခဲ့ရတဲ့ ကျွန်မ တို့ မောင်နှမ ရဲ့ အဖြစ်အပျက်တွေ က သင်ခန်း စာပါ…ငယ်ငယ်တုန်းက တခါတလေ…အဖေအမေ ရန်ဖြစ်တဲ့ အကြောင်း မောင်နှမ တွေ ရင်ဖွင့်မိရင် ကိုယ့် သား သမီးလေးတွေ အလှည့် ကျရင် ကိုယ်လို မခံစားစေရဘူး…ကိုယ့်လို စိတ်ဆင်းရဲမှုတွေကြား က မကြီးပြင်းစေ ရဘူး…လို့ ခံယူထားကြတာ ကျွန်မ တို့ ဓားစာခံ မောင်နှမ သုံးယောက်ရဲ့ တူညီတဲ့ ခံစားချက်ပါ…သူတို့ လေးတွေ ကိုယ့် လို မခံစား ရစေချင်တာ မှန်ပေမယ့် အိမ်ထောင်တစ်ခုကို အမှန်တကယ်ထူထောင်တဲ့အခါမှာ အသွင်မတူတဲ့ သူနှစ်ယောက်. ... နှစ်ပေါင်း များစွာ သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ညှိနှိုင်းရတာ…တခါတခါမှာတော်တော် ခက်ပါတယ်…
            တစ်သက် လုံး စိတ်ဆင်းရဲခဲ့ရမှု ကြောင့် မွန်းကြပ်လှတဲ့ ကြား ကျွန်မ တွေ့ခဲ့ရတဲ့ ကိုယ့်အပေါ် နားလည် မပေးနိုင် တဲ့ မနွေးထွေးနိုင် တဲ့ လူအမျိုးမျိုးတွေ ကြားက နောက်ဆုံးမှာ ကျွန်မ ဘ၀ ကို အကောင်းဆုံး မျှဝေ ခံစား နားလည်ပေးနိုင်မယ် လို့ ယူဆပြီး လက်ထပ် ခဲ့တဲ့ ...အရက် မသောက် ၊ ဖဲမရိုက် ၊ မိန်းမမရှုပ် ၊ ညဘက်အပြင် မထွက် တတ်တဲ့ အိမ်မှာပျော် တဲ့ ကတ်စီးနှဲ တဲ့ ကျွန်မ အမျိုးသား နဲ့ လည်း မတူညီဘဲ ကြီးပျင်းလာရတဲ့ ဘ၀နှစ်ခုကို နား လည်ပေါင်းစပ်ရတာ… တခါတခါ …တော်တော် ခက်မှန်း အခု မှ သိလာ ရပါတယ်….
            သို့ပေမယ့် လည်း မအားလပ်တဲ့ အလုပ်တွေ ကြားက တခါတလေ အိမ်ထောင်တစ်ခုကို စိတ်ညစ် မိပေ မယ့် လည်း ….. အရွယ်နှင့် မမျှအောင်..အကင်းပါး..သိနားလည် ခံစားတတ်တဲ့ သမီး ငယ်ရဲ့ မျက်ရည်လေးတွေ. .... မြင်ယောင် မိတိုင်း ….ကိုယ့် အိမ်ထောင် ကို စိတ်ညစ်လာရင် ၊ ကိုယ့်ယောကျာ်းကို စိတ်ကုန်မိလာရင် ၊ ကိုယ်လိုချင်သလို မဖြစ်လို့… ညူစူမိ လာရင်….သူ့ထက် ပိုဆိုးမယ့် အရက်သောက် ၊ ဖဲရိုက် ၊ မိန်းမ ရှုပ် ၊ သုံးဖြုန်း ၊ အိမ်မကပ် ၊ ရိုက်နှက် ၊ နှိပ်စက် တတ် တဲ့ ယောကျာ်း ထက်စာရင် တော်ပါသေးတယ် လို့ဘဲ ….ကိုယ့် ကိုယ်ကိုယ် နှစ်သိမ့်ဖြေတွေးရင်း….သမီးလေး မျက်နှာထောက် လို့ ကျွန်မလို မခံစားရအောင် တွဲမိတဲ့ လက်ကို သူမသေမချင်း ၊ ကိုယ်မသေ မချင်း ၊ သက်ဆုံးတိုင် အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းရင်း….အိမ်ထောင်သက် ငွေရတု ၊ ရွှေရတု များစွာ ကို လျှောက်လှမ်း သွားကြမယ် …ဆို တာ ပါ….
            ဒီ Link ကို ဖတ်မိတဲ့ အိမ်ထောင်သည် မိခင်ဖခင်များလည်း ကိုယ့်အိမ်ထောင်ဘက်မှာ အပြစ်ရှိရင်တောင်… သူ့ထက်ပိုဆိုးတဲ့သူနဲ့ နှိုင်းယှဉ်ဖြေသိမ့်ပြီး အကောင်းဆုံး နားလည်မှုတွေ နဲ့ အပြန်အလှန်ညှိနှိုင်း လက်တွဲ သွားကြ ဖို့နဲ့ ….အိမ်ထောင်မပြုရသေးတဲ့ သူများလည်း ….ကိုယ်ရွေးချယ်လက်တွဲမယ့် အိမ်ထောင်ဘက် ကို အကောင်းဆုံး ၊ အဆိုးဆုံး အခြေအနေ အထိ ကြိုတင် တွေးဆ ဆုံးဖြတ်ပြီး သက်ဆုံးတိုင် လက်တွဲ သွားနိုင်ကြပါစေလို့ ……….

No comments:

Post a Comment